CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁

ဖီဖာအထွေထွေအတွင်းရေးမှူး ဖာတီမာဆာမိုရာက မာနေး ကမ္ဘာ့ဖလားကစားနိုင်ဖို့အတွက် ပယောဂဆရာတွေပါ အသုံးပြုသွားမယ်လို့ ပြောလိုက်ပါတယ်။

ဖာတီမာဆာမိုရာက “ဒီအတွက် ကျမတို့ဟာ ပယောဂဆရာတွေကို အသုံးပြုသွားမှာပါ။ဒါက ထိရောက်မှု ရှိ၊ မရှိ ဆိုတာမသိပေမယ့် ဒီလိုအခြေအနေမှာ ဘယ်လိုနည်းလမ်းပဲဖြစ်ဖြစ် ကျမတို့ အသုံးပြုသွားမှာပါ။ကျမတို့ဟာ အံသြဖွယ်အရာတွေကို မျှော်လင့်နေကြပါတယ်။သူကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိရမှာပါ” လို့ Europe 1 ကိုပြောခဲ့တာပါ။

ဆီနီဂေါကြယ်ပွင့် မာနေးဟာ ဘိုင်ယန်မြူးနစ်နဲ့ ဝါဒါဘရီမင်တို့ ကစားခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၂၀ မှာတင် ရခဲ့တဲ့ ဒဏ်ရာကြောင့် ပွဲကိုဆက်ကစားနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။အဲဒါကြောင့် ဆေးအဖွဲ့ရဲ့ ကုသမှုခံယူခဲ့ရပြီး လူစားလဲခဲ့ရတာပါ။မာနေးရဲ့ ဒဏ်ရာအခြေအနေကို စကန်ဖတ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာမှာ ညို့သကျည်း ဒဏ်ရာရရှိနေတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သတင်းတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်က မာနေးရဲ့ဒဏ်ရာကို နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ဆီနီဂေါအသင်း ဆေးအဖွဲ့ဝင်တွေနဲ့ ဆက်သွယ်မှုတွေပြုလုပ်ထားတယ်လို့ ထုတ်ပြန်ခဲ့တာပါ။ ဖီဖာအထွေထွေ အတွင်းရေးမှူး ဖာတီမာဆာမိုရာဟာ ဆီနီဂေါနိုင်ငံသူ ဖြစ်တာကြောင့် မာနေး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ဖို့ သူမက လည်း မျှော်လင့်နေတာဖြစ်ပါတယ်။ဆီနီဂေါနည်းပြဆစ်ဆီက သောကြာနေ့မှာ ထုတ်ပြန်မယ့် ကမ္ဘာ့ဖလား လူစာရင်းမှာ မာနေးကို ထည့်သွင်းသွားမယ်လို့ သိရတာပါ။

မာနေးဟာ ဆီနီဂေါအသင်းရဲ့ အဓိကကစားသမားဖြစ်ပြီး နိုင်ငံအသင်း အာဖရိကဖလားရယူနိုင်တာနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်ရခဲ့တာမှာ သူ့ရဲ့စွမ်းဆောင်ရည်တွေက အဓိကကျခဲ့တာဖြစ်ပါတယ်။မာနေးဟာ ပြီးခဲတဲ့ရာသီက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့်လည်း ၂၀၂၂ ဘောလွန်းဒီအောဆုပေးပွဲမှာ ဘန်ဇီမာနောက် ဒုတိယ ရရှိခဲ့တာပါ။ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မာနေးပါဝင်ကစားနိုင်ဖို့အတွက် ဆီနီဂေါပြည်သူတွေအပြင် ပရိသတ်တွေအားလုံးကလည်း အလိုရှိနေကြတာဖြစ်ပါတယ်။

ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင်ကာတာ၊ နယ်သာလန်၊ အီကွေဒေါတို့နဲ့ တစ်အုပ်စု တည်းကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နယ်သာလန်နဲ့ နိုဝင်ဘာလ ၂၁ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Goal