CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

ဆီနီဂေါကြယ်ပွင့် မာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဝါဒါဘရီမင်အသင်းတို့ ကစားခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပွဲချိန်မိနစ် ၂၀ မှာကတည်းက လူစားလဲခဲ့ရတာဖြစ်ပါတယ်။

မာနေးဟာ ဒဏ်ရာကြောင့် စိတ်ပျက်လက်ပျက်နဲ့ ကွင်းထဲမှာ ထိုင်နေခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်နည်းပြ နာဂျယ်လ်စမန်းက ကစားသမားဟာ ညို့သကျည်းဒဏ်ရာရသွားတာဖြစ်တယ်လို့ ပြောခဲ့တာပါ။ဆေးအဖွဲ့တွေက မာနေးရဲ့ ဒဏ်ရာအခြေအနေကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ ဆက်မကစားနိုင်တော့လို့ လူစားလဲ ခဲ့ရတာဖြစ်ပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာချိန်မှာ မာနေးရဲ့ဒဏ်ရာအခြေအနေဟာ ဆီနီဂေါလက်ရွေးစင် အတွက် စိုးရိမ်ဖွယ်ရာဖြစ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြ နာဂျယ်လ်စမန်းက “မာနေးက ညို့သကျည်းမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒဏ်ရာ အခြေ အနေပြင်းထန်ခြင်း ရှိ၊မရှိသိရဖို့အတွက် ဓါတ်မှန်ရိုက်ကြည့်ဖို့ လိုအပ်ပါတယ်။ ဒဏ်ရာအခြေအနေ မပြင်းထန်ဖို့ ကျနော်တို့မျှော်လင့်ပါတယ်။ပွဲအပြီးမှာ သူ့ကိုမတွေ့ခဲ့ရပါဘူး။မနက်ဖြန်မှ သူ့အခြေအနေကို သိရမှာပါ” လို့ ပွဲ အပြီးမှာ ပြောခဲ့တာပါ။

လီဗာပူးလ်ကစားသမားဟောင်းဟာ ဒဏ်ရာကြောင့် အခုတစ်ပတ် ရှောလ်ကေးနဲ့ ကစားမယ့် ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အတွက် ပါဝင်ကစားပေးနိုင်ဖွယ်မရှိပါဘူး။ဒါပေမယ့် မာနေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဆီနီဂေါအတွက် ကြံခိုင်မှုအပြည့်နဲ့ ပါဝင်ပေးနိုင်ဖို့ မျှော်လင့်နေတာပါ။ဆီနီဂေါအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ကာတာ၊ အီကွေဒေါ၊ နယ်သာလန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။

အာဖရိကနိုင်ငံဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၁ ရက်မှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင် ရမှာပါ။ဆီနီဂေါအတွက် ၉၃ ပွဲပါဝင်ကစားထားပြီး ၃၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာနေးဟာ ပြီးခဲ့တဲ့ အာဖရိကဖလား ပြိုင်ပွဲမှာ လက်ရွေးစင်အသင်းချန်ပီယံဖြစ်ဖို့နဲ့ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် အဓိက စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

Source:DailyMail