CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂

စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ မာဆေးလ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဦးခေါင်းဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပထမပိုင်းမှာတင် လူစားလဲခဲ့ရတာဖြစ်ပါတယ်။

စပါးအသင်းက ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ဆွန်ဟောင်မင်ဟာ ဘောလုံးကို ခုန်ပြီး ခေါင်းတိုက်တာမှာ မာဆေးလ်နောက်ခံလူ အမ်ဘမ်ဘာနဲ့ ထိခိုက်မိခဲ့တာပါ။ ဒီလို ထိခိုက်မိမှုကြောင့် ပွဲကို ဆက်ကစားနိုင်ခြင်း မရှိတော့တဲ့အတွက် ဘစ်ဆိုးမားနဲ့ လူစားလဲခံရတာဖြစ်ပါတယ်။

စပါးအသင်းဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်သွားခဲ့ပေမယ့် ဆွန်ဟောင်မင်ရဲ့ အခြေအနေအတွက် စိုးရိမ်မှုတွေရှိခဲ့တာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲနီးကပ်လာချိန်မှာ အဓိကကစားသမားအများအပြားဟာ ဒဏ်ရာကြောင့် မပါဝင်နိုင်ကြတော့တာ ကြောင့် ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာရရှိမှုဟာ တောင်ကိုရီးယားအတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်စေခဲ့ပါတယ်။ စပါး အသင်းလက်ထောက်နည်းပြ စတယ်လီနီက ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာအခြေအနေကို စမ်းသပ်မှုတွေပြုလုပ်ရမှာ ဖြစ်လို့ အခုအချိန်မှာ သူ့အခြေအနေဘယ်လိုလဲဆိုတာ မသိဘူးလို့ ပြောခဲ့တာပါ။

စတယ်လီနီက “ဒီအချိန်မှာတော့ သူ့အခြေအနေကို ကျနော်တို့မသိသေးပါဘူး။ဆေးဘက်ဆိုင်ရာအကဲဖြတ်မှုကို စောင့်ကြည့်ရမှာဖြစ်ပြီး မနက်ဖြန်အထိ ဒါကိုစောင့်ရမှာပါ။ဆွန်က အခုအချိန်မှာ ကောင်းမွန်တယ်လို့ ခံစားနေရ ပါတယ်။အဝတ်လဲခန်းထဲမှာ သူ့ကို တွေ့မြင်လိုက်ရပါတယ်။သူလည်း ကျနော်တို့နဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။ ဒါကြောင့် မနက်ဖြန်ကို ကျနော်တို့စောင့်ဆိုင်းရပါမယ်။သူ့ရဲ့မျက်လုံးကတော့ အနည်းငယ်ရောင်နေတယ်” လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဆွန်ဟောင်မင်ဟာ ဒဏ်ရာကြောင့် ဒီတစ်ပတ် လီဗာပူးလ်နဲ့ ကစားမယ့် ပရီးမီးယားလိဂ်အရေးကြီးပွဲကို လွဲချော် နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြထားတာပါ။တောင်ကိုရီးယားအသင်းခေါင်းဆောင်ဟာ စပါးအသင်းမှာ ခြေစွမ်း ပြသနေတဲ့သူဖြစ်ပြီး မနှစ်က ရာသီက ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရ ပထမဆုံး အာရှကစားသမားအဖြစ် မှတ်တမ်း ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ အခုနှစ်ရာသီမှာ စပါးအသင်းအတွက် အနည်းငယ်ရုန်းကန်နေရပြီး ၁၉ ပွဲကစားအပြီးမှာ ၅ ဂိုး သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

Source:Metro