CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃

မက်ဆီဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားဖြစ်ပြီး အာဂျင်တီးနား အသင်းဖော်တွေဟာ သူ့အတွက် ခြင်္သေ့တွေလို တိုက်ပွဲဝင်ကြမှာလို့ ဂိုးသမားဖြစ်သူ မာတီးနတ်စ်က ပြောလိုက်ပါတယ်။

မာတီးနတ်စ်က “လွန်ခဲ့တဲ့ တစ်နှစ်က ကျနော်တို့ဟာ ဘာမှမဟုတ်ခဲ့ပေမယ့် အခုအချိန်မှာ ဆုဖလားတွေ ရရှိ ခဲ့တဲ့အတွက် ကမ္ဘာ့ဖလားကို ရယူနိုင်မယ့် အသင်းတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ကျနော်တို့မှာ ကမ္ဘာ့ အကောင်း ဆုံး မက်ဆီရှိနေတဲ့အတွက် ကျနော်တို့ဟာ အမြဲတမ်းဆုဖလားရမယ့်အသင်းတွေထဲမှာ ပါဝင်နေခဲ့တာပါ။ ကျနော်တို့ဟာ သူ့အတွက်ဆို ခြင်္သေ့တွေလို တိုက်ပွဲဝင်သွားမှာလို့” TUDN ကို ပြောခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနားအသင်းဟာ အီတလီအသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး Finalissima ဆုဖလားကို ရယူနိုင်ခဲ့တာပါ။

မက်ဆီဟာ လက်ရွေးစင် အသင်းဂျာစီကို ဝတ်လိုက်ပြီဆိုတာနဲ့ သူ့ရဲ့ အကောင်းဆုံး ပုံစံတွေကို အမြဲလိုလိုထုတ်ပြနိုင်ခဲ့ပြီး ဒီပွဲမှာလည်း ၂ ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။အဲဒါကြောင့် ပီအက်စ်ဂျီ အသင်း ကစားသမားဟာ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ အပါအဝင် အာဂျင် တီးနား ကစားသမားတွေအတွက်တော့ Finalissima ဆုဖလားဟာ ဒုတိယမြောက် နိုင်ငံတကာဆုဖလားလည်း ဖြစ်ခဲ့တာပါ။

အာဂျင်တီးနား အသင်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံရရှိနေတာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတစ်သင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။မာတီးနတ်စ်ကတော့ အာဂျင်တီးနား အသင်းသား တွေဟာ မက်ဆီအတွက်ဆို အရာအားလုံးကို ပေးဆပ်သွားမယ့်သူတွေလို့ ပြောခဲ့တာပါ။

အာဂျင်တီးနား အသင်းဟာ ၂၀၁၉ ဇွန်လကတည်းက အခုအချိန်ထိ ပြိုင်ပွဲစုံ ရှုံးပွဲမရှိခဲ့တာ ၃၂ ပွဲအထိ ရှိလာခဲ့ပြီ လည်း ဖြစ်ပါတယ်။နိုင်ငံအသင်းတွေထဲမှာ ရှုံးပွဲမရှိ ကာလအရှည်ကြာဆုံး ရပ်တည်နိုင်ခဲ့တာကတော့ အီတလီ အသင်းဖြစ်ပြီး ၂၀၁၈ ကနေ ၂၀၂၁ အထိ ပြိုင်ပွဲစုံ ၃၇ ပွဲအထိ ရှုံးပွဲမရှိခဲ့ပါဘူး။အဲဒါကြောင့် အာဂျင်တီးနား အသင်းဟာ အီတလီရဲ့ စံချိန်ကို လိုက်မှီဖို့ ၅ ပွဲသာ လိုအပ်ပါတော့တယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ မက်ဆီတို့ အစုအဖွဲ့အတွက် နောက်ဆုံးကမ္ဘာ့ဖလား ဖြစ်နိုင်တာကြောင့် ဆုဖလား ရယူပြီး အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။အာဂျင်တီးနား အသင်းဟာ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင် တီးနား အသင်းဟာ ဆော်ဒီ၊ မက္ကဆီကို ၊ပိုလန် တို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။