CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၃

ပေါ်တူဂီ နည်းပြ ဖာနန်ဒိုဆန်းတို့စ်က စပိန်နဲ့ကစားတဲ့ နေးရှင်းလိဂ်ပွဲမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်တာဟာ နည်းဗျူဟာအရလို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်လိုက်ပါတယ်။

တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲမှာ မိုရာတာက စပိန်အတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဟော်တာက ပေါ်တူဂီအတွက် ပြန်လည်ချေပဂိုးသွင်းယူနိုင်ခဲ့တာပါ။

စပိန်နဲ့ပေါ်တူဂီတို့ ဟာ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ ၅ ကြိမ်စလုံး သရေကျခဲ့တာဖြစ်ပါတယ်။ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒိုကတော့ ဒီပွဲမှာ အံအားသင့်ဖွယ် ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ပွဲချိန် ၆၂ မိနစ်အရောက်မှ လူစားလဲဝင်ရောက်လာခဲ့တာပါ။

 

ဖာနန်ဒိုဆန်းတို့စ်က “ဒီပွဲအတွက် ကျနော်အသုံးပြုထားတဲ့ ကစားသမားတွေကို သုံးရတာ ပိုကောင်းတယ်ဆိုတာ ကျနော် နားလည်ပါတယ်။ဒါဟာ ပွဲအတွက် နည်းစနစ်ပိုင်းနဲ့ နည်းဗျူဟာ ရွေးချယ်မှုတစ်ခုပါ။ အဲဒါက ကျနော်တို့ အတွက် အကောင်းဆုံးဖြေရှင်းချက်လို့ ထင်ပါတယ်။ကျနော်တို့ ကစားချင်တဲ့ပုံနဲ့ပွဲကို ချဉ်းကပ်ဖို့ပါ။ရော်နယ်ဒိုရဲ့ အရည်အသွေးနဲ့ ဘာမှသက်ဆိုင်မှုမရှိပါဘူး။ဒါကမေးခွန်းထုတ်စရာတောင် မလိုတဲ့အရာပါ။ဒုတိယပိုင်းမှာတော့ သူဝင်လာပြီး ပွဲကို ဖြေရှင်းနိုင်မယ်ဆိုတာ ယုံကြည်ခဲ့ကြောင်း” ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၂၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပဲလေစ့် နဲ့ ကစားတဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲမှာ ဒဏ်ရာကြောင့် အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့တာပါ။ အခုအချိန်မှာတော့ ဒဏ်ရာက ပြန်သက်သာလာပြီး ပေါ်တူဂီ လက်ရွေးစင်အသင်းနဲ့ နေးရှင်းလိဂ် ပွဲစဉ်တွေ ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၈၇ ပွဲ ကစားထားပြီး ၁၁၅ ဂိုးသွင်းကာ နိုင်ငံတကာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ် ဒုတိယပွဲစဉ်အဖြစ် ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး စပိန်အသင်းကတော့ ချက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:Reuters