CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉

ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ဖို့အတွက် အိမ်ရှင် ကာတာနိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ပါ။ရော်နယ်ဒိုဟာ ကာတာကို မလာခင်မှာပဲ ပေါ်တူဂီအသင်း ကစားခဲ့တဲ့ နိုင်ဂျီးရီးယားအသင်းနဲ့ ခြေစမ်းပွဲမှာ အစာအိမ်ပြဿနာကြောင့် မပါဝင်နိုင်ခဲ့ဘဲ အဲဒီပွဲမှာ ပေါ်တူဂီအသင်းဟာ ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ရော်နယ်ဒိုဟာ ကာတာကို ရောက်ရှိချိန်မှာ လန်းလန်းဆန်းဆန်းရှိနေခဲ့ပါတယ်။

ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ သီးသန့်အင်တာဗျူးကြောင့် ဝေဖန်မှုတွေ ခံနေရတာဖြစ်ပါတယ်။ယူနိုက်တက်အသင်းကလည်း ရော်နယ်ဒိုကို အရေးယူဖို့ လုပ်ဆောင်နေပြီး စာချုပ် ဖောက်ဖျက်မှုကြောင့် စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေတာပါ။ရော်နယ်ဒိုဟာ စာချုပ်ဖျက်သိမ်းခံရမယ်ဆိုရင် ပေါင် ၁၆ သန်းခန့် ဆုံးရှုံးနစ်နာမှာဖြစ်တယ်လို့ သိရပါတယ်။ဒါပေမယ့် ကစားသမားကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်သာ အာရုံစိုက်နေတဲ့ပုံစံကိုပြသခဲ့တာပါ။

ဒီကမ္ဘာ့ဖလားဟာ အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုအတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တာကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ယူနိုက်တက်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားသာ ရယူနိုင်ခဲ့မယ်ဆိုရင် လက်ရွေးစင်ကစားသမားဘဝက အနားယူမယ်လို့ အင်တာဗျူးမှာ ပြောထားတာပါ။ ရော်နယ်ဒိုအနေနဲ့ ဒီပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရုဂွေး၊ တောင်ကိုရီးယား၊ ဂါနာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ ဂါနာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:DailyMail