CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကနေ စိတ်ပျက်ဖွယ်ရလဒ်နဲ့ ထွက်ခွာရပြီးနောက် နည်းပြဖာနန်ဒိုဆန်းတို့စ် ဟာ ရာထူးကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကွာတားဖိုင်နယ်ပွဲမှာ မော်ရိုကိုအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာပါ။ ဖာနန်ဒိုဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းကို ၈ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ယူရို ၂၀၁၆ နဲ့ ၂၀၁၉ နေရှင်းလိဂ်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရယူနိုင်အောင် ကိုင်တွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဖာနန်ဒိုဆန်းတို့စ်ဟာ ရှုံးထွက်ပွဲစဉ်တွေမှာ ရော်နယ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့တာနဲ့အတူ အသင်းဟာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် သူ လည်း နည်းပြရာထူးကနေ ထွက်ခွာခဲ့ရတာပါ။

ဖာနန်ဒိုဆန်းတို့စ်ဟာ တောင်ကိုရီးယားနဲ့ပွဲမှာ လူစားလဲချိန် ရော်နယ်ဒိုရဲ့တုံ့ပြန်တဲ့ အပြုအမူကို မနှစ်သက်တဲ့ အတွက် ဆွစ်ဇာလန်နဲ့ မော်ရိုကိုပွဲတွေမှာ အရန်ကစားသမားအဖြစ်သာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဆွစ်ဇာလန်နဲ့ ပွဲမှာ ရော်နယ်ဒိုနေရာအစားဝင်ခဲ့တဲ့ ဂွန်ကာလိုရာမို့စ်က ဟတ်ထရစ်သွင်းပြီး ပေါ်တူဂီအသင်းက ၆ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် မော်ရိုကိုအသင်းကတော့ အရေးနိမ့်ခဲ့တာပါ။ပွဲအပြီးမှာ ရော်နယ်ဒိုကို ပွဲထွက်အသုံးမပြုတဲ့အပေါ် နောင်တမရဘူးလို့ ဖာနန်ဒိုဆန်းတို့စ်က ပြောခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က “၈ နှစ်တာ ကာလအတွင်း ထူးခြားတဲ့အရာတွေကို စွမ်းဆောင်ပေးနိုင်ခဲ့လို့ ဖာနန်ဒို ဆန်းတို့စ်နဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို အလွန်ကျေးဇူးတင်ပါတယ်။ဘုတ်အဖွဲ့အနေနဲ့ နည်းပြသစ်ခန့်အပ်မယ့် လုပ်ငန်းစဉ်တွေကို အခု စတင်တော့မှာဖြစ်ပါတယ်” လို့ ထုတ်ပြန်ခဲ့တာပါ။

ပေါ်တူဂီအသင်းဟာ နည်းပြသစ်အဖြစ် ပေါ်တူဂီလူမျိုးလည်းဖြစ်တဲ့ မော်ရင်ဟိုကို ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ လက်ရှိအချိန်မှာ ရိုးမားအသင်းကို ကိုင်တွယ်နေပေမယ့် ပေါ်တူဂီအသင်း နည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Source:BBC