CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၃၀

ရော်နယ်ဒိုကတော့ (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ်တူဂီ အသင်း ဝင်ခွင့်ရပြီးနောက် ဒါဟာ သူတို့အတွက် နေရာမှန်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ပေါ်တူဂီ အသင်းဟာ မတ်လ(၃၀)ရက် မနက်ပိုင်းက ကစားခဲ့တဲ့ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ဗိုလ်လုပွဲမှာ မြောက်မက်ဆီဒိုးနီးယား အသင်းကို ၂ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာပါ။ပေါ်တူဂီအတွက် (၂)ဂိုးလုံးကို မန်ချက်စတာယူနိုက်တက် အသင်းကစားသမား ဘရူနိုဖာနန်ဒတ်စ် က သွင်းယူခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုနဲ့ ဂျိုတာတို့က ဂိုးဖန်တီးပေးခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းကို (၆)ကြိမ်ဆက် ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်း ဆောင်ပေးခဲ့တာပါ။

(၂၀၀၆)ကတည်းက ပေါ်တူဂီ အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ကစားသမားဘဝမှာ (၅)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရမယ့် ကမ္ဘာ့ ဖလားဖြစ်လာမှာဖြစ်ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုအတွက်တော့ ဒီကမ္ဘာ့ဖလားဟာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်ဖို့ရှိနေတာပါ။

ရော်နယ်ဒို က “ဒါဟာ ကျနော်တို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ပါပဲ။ ကျနော်တို့ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိတော့မှာပါ။ ဒါက ကျနော်တို့အတွက် နေရာမှန်ပါပဲ။ မမောမပန်းအားပေးခဲ့ကြတဲ့ ပေါ်တူဂီလူမျိုးများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်သွားကြစို့ ပေါ်တူဂီရေ” ဆိုပြီး အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ပေါ်တူဂီ အသင်းနဲ့အတူ ကမ္ဘာ့ဖလားပွဲစဉ်ပေါင်း(၁၇)ပွဲ ပါဝင်ကစားခဲ့ပြီး (၇)ဂိုးသွင်းယူ ထားခဲ့တာပါ။ ရော်နယ်ဒို ဟာ စပိန်နဲ့ကစားခဲ့တဲ့ အုပ်စုတွင်းပွဲစဉ်မှာ ဟတ်ထရစ်ဂိုးသွင်းယူခဲ့တာ အပါအဝင် (၂၀၁၈)က ကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာ (၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းဟာ ရော်နယ်ဒို ပါဝင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်(၁၇)ပွဲမှာ (၆)ပွဲနိုင်၊(၅)ပွဲရှုံးနဲ့ (၆)ပွဲသရေရလဒ် ရရှိထားတာပါ။

အခြား ဥရောပဇုန်ရဲ့ကမ္ဘာ့ဖလားဝင်ခွင့် ပလေးအောဖ့် ဗိုလ်လုပွဲတစ်ပွဲအဖြစ် ပိုလန်အသင်းနဲ့ ဆွီဒင်အသင်းတို့ ကစားခဲ့ရာ ပိုလန်အသင်းက ၂ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။

Source:Goal