CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၃

ပေါ်တူဂီလက်ရွေးစင်ကစားသမား ရော်နယ်ဒိုက ယူနိုက်တက်အသင်းကနေ ထွက်ခွာအပြီးမှာ သူဟာ ပိုကောင်းတဲ့ လူဖြစ်လာတယ်ဆိုပြီး ခံစားရတယ်လို့ ပြောလိုက်ပါတယ်။

ရော်နယ်ဒိုက “တခါတလေမှာ ခင်ဗျားဘက်ဘယ်သူတွေရှိလဲဆိုတာ သိဖို့အတွက် အချို့အရာတွေကို ဖြတ်ကျော် ရမှာပါ။ဒီလို ပြောရလို့ ကျနော့်မှာ ပြဿနာမရှိပါဘူး။ကျနော့်ကစားသမားဘဝမှာ ဆိုးရွားတဲ့ အဆင့်ကို ရောက်ရှိခဲ့ ပါတယ်။ဒါပေမယ့် နောင်တရဖို့အတွက် အချိန်မရှိပါဘူး။ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဘဝက ဆက်သွားနေရမှာပါပဲ။တောင်ထိပ်ကို ရောက်ရင် အောက်ခြေကို ပြန်မမြင်ရပါဘူး။အခုတော့ ကျနော်က ပိုပြင် ဆင်ပြီး သင်ယူရတာက ပိုပြီးအရေးကြီးပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ကလို ဒီလိုမျိုးတစ်ခါမှ မကြုံတွေ့ဖူးပါဘူး။ အခုတော့ ကျနော်က ပိုကောင်းတဲ့လူဖြစ်လာပါပြီ” လို့ ယူရိုခြေစစ်ပွဲရဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ဂန္တဝင်တစ်ဦးအဖြစ် ရပ်တည်လို့ရအောင် ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့ပေမယ့် ဒုတိယအကြိမ်ကစားတာမှာတော့ ဆိုးရွားစွာ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ရော်နယ်ဒိုဟာ အခုနှစ် ရာသီအစပိုင်းမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ခဲ့ပြီး စပါးအသင်းနဲ့ပွဲမှာဆို လူစားလဲဝင်ရောက်ဖို့ ငြင်းဆန်ကာ ဥမင်ထဲ ဝင်ရောက်သွားခဲ့တာပါ။

အဲဒီနောက်မှာ ရော်နယ်ဒိုဟာ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသင်းပိုင်ရှင်တွေကို ဝေဖန်ခဲ့သလို နည်းပြ အဲရစ်တန်ဟတ်အပေါ်မှာလည်း လေးစားမှုမရှိနိုင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် ယူနိုက်တက် အသင်းဟာ ရော်နယ်ဒိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပြီး နိုဝင်ဘာလက အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့တာပါ။ပေါ်တူဂီကစားသမားဟာ ယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို စိတ်ပျက်ဖွယ်ဖြတ်သန်းခဲ့ရပေမယ့် ပေါ်တူဂီနည်းပြသစ် မာတီးနတ်ဇ်လက်အောက်မှာ ယူရို ၂၀၂၄ ခြေစစ်ပွဲဝင်ပြိုင်ဖို့ ပြင်ဆင်နေတာပါ။ပေါ်တူဂီအသင်းဟာ လက်ချင် စတိန်း၊ လူဇင်ဘတ်တို့နဲ့ ခြေစစ်ပွဲကစားမှာဖြစ်ပြီး ရော်နယ်ဒိုအနေနဲ့ ဒီ ၂ ပွဲစလုံးကို ပွဲထွက်ပါဝင်ရဖွယ် ရှိနေ ပါတယ်။

ရော်နယ်ဒိုက “ဒါဟာ ကျနော်တို့အားလုံးအတွက် မတူညီတဲ့အခန်းကဏ္ဍအသစ်ပါ။အားထုတ်မှုတွေလည်း ကောင်းတယ်၊ အပေါင်းလက္ခဏာလည်းဆောင်တယ်၊ဒါတွေက အရေးကြီးဆုံးပါပဲ။အခု ကျနော်တို့ဟာ မတူညီတဲ့ အတွေးအခေါ်တွေ၊ စိတ်ဓါတ်တွေနဲ့ လေကောင်းလေသန့်ကို ရနေပါပြီ” လို့ ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ လက်ချင်စတိန်းနဲ့ပွဲမှာ ပါဝင်ခွင့်ရခဲ့ရင် နိုင်ငံတကာပွဲအများဆုံးကစားတဲ့သူအဖြစ် စံချိန်မှတ်တမ်း တင်နိုင်မယ်လို့လည်း သိရပါတယ်။

Source:Metro