CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၃

ယူကရိန်းကို ကျူးကျော်မှုကြောင့် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ရဲ့ ပိတ်ပင်မှုတွေ ခံထားရပေမယ့် ရုရှား ယူ-၁၇ အမျိုးသမီး အသင်းဟာ ဒါကာမှာ ကျင်းပနေတဲ့ နိုင်ငံတကာပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး အိမ်ရှင် ဘင်္ဂလားဒေ့ရှ် အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင် ရရှိခဲ့ပါတယ်။

ရုရှားအသင်းဟာ တောင်အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ယူ-၁၇ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဧည့်သည် အသင်း အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်နေတာပါ။

ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ဥရောပမှာ ပိတ်ပင်ခံထားရတဲ့အတွက် အာရှဘောလုံးအဖွဲ့ချုပ်ထံ ကူးပြောင်းဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကနေ အခုအချိန်အထိ ရုရှားလက်ရွေးစင် အသင်းတွေအပြင် ကလပ်အသင်းတွေပါ ဖီဖာနဲ့ ယူအီးအက်ဖ်အေ လက်အောက်က ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆိုင်းငံခံထားရတာပါ။

အဲဒါကြောင့် ရုရှားလက်ရွေးစင် အသင်းတွေနဲ့ ကလပ်အသင်းတွေ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပြန်လည် ဝင်ရောက် နိုင်ဖို့အတွက် ဖြစ်နိုင်ဖွယ် ရွေးချယ်မှုအဖြစ် အာရှဘောလုံးအဖွဲ့ချုပ်ထံ ပြောင်းဖို့ ရုရှားဘောလုံးအဖွဲ့ချုပ် အကြီး အကဲ ဂျူကော့ဗ်က ပြောခဲ့တာ ဖြစ်ပါတယ်။

ရုရှား အမျိုးသမီး ယူ-၁၇ အသင်း

ဘင်္ဂလားဒေ့ရှ်နဲ့ ကစားခဲ့တဲ့ ပွဲမတိုင်ခင် ရုရှားနိုင်ငံတော် သီချင်းကို ကျယ်လောင်စွာ တီးခတ်ခဲ့ပြီး လက်တစ်ဆုပ် စာသာရှိတဲ့ ရုရှားပရိသတ်တွေကလည်း သူတို့နိုင်ငံအလံကို ကိုင်ဆောင်ကာ အသင်းကို အားပေးမှုတွေ ပြုလုပ်ခဲ့ တာပါ။

ရုရှားပရိသတ်တစ်ဦးက “ကျနော်တို့ အသင်း အနိုင်ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း ကောင်းမွန်စွာ တိုက်ပွဲဝင်နိုင်ခဲ့ပါတယ်။ ဒီဘောလုံးသမားတွေဟာ စစ်ပွဲမှာ တာဝန်မရှိပါဘူး။ အဲဒါကြောင့် ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့က သူတို့ကို ပိတ်ပင်ခြင်း မပြုသင့်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ကျင်းပနေတဲ့ ဒီပြိုင်ပွဲမှာ အိန္ဒိယ၊ နီပေါနဲ့ ဘူတန်အသင်းတို့လည်း ပါဝင်နေပြီး ရုရှားအသင်းဟာ မတ်လ ၂၄ ရက်မှာ ဘူတန်၊ ၂၆ ရက်မှာ နီပေါနဲ့ ၂၈ ရက်မှာတော့ အိန္ဒိယအသင်းတို့နဲ့ ဆက်ပြီး ယှဉ်ပြိုင်ရမှာပါ။

အခုနှစ် ဇွန်လထဲ ဗဟိုအာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပမယ့် ပြိုင်ပွဲမှာ ရုရှားလက်ရွေးစင် အမျိုးသား အသင်းကြီး ကို ဖိတ်ကြားထားတယ်လို့ တာဂျစ်ကစ္စတန် ဘောလုံးအဖွဲ့ချုပ်က ပြောထားပါတယ်။

Source:CNA