CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၃

အီဂျစ်ကွင်းလယ် ဒိုင်လူကြီး မိုဟာမက်ဖာရော့ခ်ဟာ လိဂ်ပွဲစဉ်မှာ ပွဲကြည့်ပရိသတ်တစ်ဦးရဲ့ ဖုန်းကို အသုံးပြုပြီး သွင်းဂိုးကို ခွင့်မပြုခဲ့တာကြောင့် ပွဲစဉ်တွေကို ကိုင်တွယ်ခွင့် ဆိုင်းငံ့ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အီဂျစ် ဒုတိယတန်း ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စူအက်ဇ်အသင်းနဲ့ နာဆာအသင်းတို့ရဲ့ ပွဲစဉ်မှာ ဒီအဖြစ်အပျက် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

နာဆာအသင်းဟာ ဒီပွဲရဲ့ ပွဲပြီးဆုံးဖို့ နီးကပ်တဲ့အချိန်မှာ စူအက်ဇ် အသင်းဘက်ကို နောက်ကျ ချေပဂိုး သွင်းယူခဲ့ တာ ဖြစ်ပါတယ်။ အိမ်ရှင်အသင်းဖြစ်တဲ့ စူအက်ဇ်အသင်းက လက်ထိဘောဆိုပြီး ကန့်ကွက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးဟာ ဆုံးဖြတ်ချက်ချဖို့ လုပ်ဆောင်လာခဲ့ရတာပါ။

အီဂျစ် ဒုတိယတန်းမှာ VAR မရှိတာကြောင့် ကွင်းလယ်ဒိုင်လူကြီးဟာ ဒီအဖြစ်အပျက်ကို ပြန်ပြီး ကြည့်နိုင်ဖို့ အတွက် ပွဲကြည့် ပရိသတ်တစ်ဦးရဲ့ ဖုန်းကို အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။

မိုဟာမက်ဖာရော့ခ်ဟာ ဒီအဖြစ်အပျက်ကို ကြည့်ပြီးနောက် ဒီသွင်းဂိုးကို ခွင့်မပြုခဲ့တာပါ။ ဒီသွင်းဂိုးကို ခွင့်မပြုဖို့ အတွက် ကြည့်ပြီး ဆုံးဖြတ်တာဟာ ကြာမြင့်ခဲ့တဲ့အတွက် နာကျင်အချိန် ၁၅ မိနစ်အထိ ခွင့်ပြုပေးခဲ့ရပါတယ်။

စူအက်ဇ်အသင်းနဲ့ နာဆာအသင်း ယှဉ်ပြိုင်နေစဉ်

ပွဲအပြီးမှာတော့ စူအက်ဇ်အသင်းက နာဆာအသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကတော့ ဒီပွဲမှာ တာဝန်ယူခဲ့တဲ့ ဒိုင်လူကြီးတွေ အားလုံးကို ပွဲစဉ်ကိုင်တွယ်ခွင့် အကန့် အသတ်မရှိ ဆိုင်းငံ့ခဲ့ပါတယ်။

“ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ မိုဟာမက်ဖာရော့ခ်ဟာ ပွဲရဲ့ အဖြစ်အပျက်တွေကို ပြန်လည် သုံးသပ်ဖို့အတွက် ဖုန်းကို အသုံးပြုခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးဖို့ ကော်မတီက ဆုံးဖြတ်ခဲ့တယ်”လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုဟာမက်ဖာရော့ခ်ဟာ နာဆာအသင်း တာဝန်ရှိသူတွေနဲ့ ကစားသမားတွေရဲ့ ရန်ပြုဖို့ ကြိုးစားမှုကြောင့် ရဲတွေရဲ့ အကာအကွယ်နဲ့ ကွင်းထဲကနေ ထွက်ခွာခဲ့ရပြီး စည်းမျဉ်းစည်းကမ်း ချိုးဖောက်ရင် ဒိုင်လူကြီးကို တရားဥပဒေအရ အရေးယူမယ်လို့ နာဆာအသင်းက ခြိမ်းခြောက်ခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

Source: BBC