CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၃

ရော်နယ်ဒိုက ဆော်ဒီလိဂ်ဟာ ပရီးမီးယားလိဂ်ကို လိုက်မှီဖို့ မနီးစပ်သေးပေမယ့် လာမယ့် ၅ နှစ်အတွင်းမှာ အကောင်းဆုံး လိဂ်တွေထဲက တစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုက “ဆော်ဒီလိဂ်ဟာ အလွန်ပြိုင်ဆိုင်မှုရှိတဲ့ လိဂ်ပါ။ ဒီလိဂ်ကို ကွဲပြားစွာ ကြည့်ရှုသင့်ပါတယ်။ ပရီးမီးယားလိဂ်လို မဟုတ်ဘူးဆိုတာတော့ ရှင်းပါတယ်။ ဒါကို ကျနော် မလိမ်ပါဘူး။ ဒါပေမယ့် ပြိုင်ဆိုင်မှုတော့ ပြင်းပါတယ်။ ဒီမှာ အသင်းကောင်းတွေ ရှိတယ်၊ ဟန်ချက်လည်း ညီပါတယ်။ အာရပ် ကစားသမားတွေကလည်း ကောင်းသလို နိုင်ငံခြားသား ကစားသမားတွေကလည်း အရည်အချင်းရှိတယ်။ ဒီတိုင်း ဆက်သွားနေမယ်ဆိုရင် လာမယ့် ၅ နှစ်၊ ၆ နှစ်အတွင်းမှာ ဒီလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး စတုတ္တမြောက် ဒါမှမဟုတ် ပဉ္စမမြောက်လိဂ် ဖြစ်လာမှာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဇန်နဝါရီလက ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်း ကစားသမားဘဝ အစပိုင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်း မှာ အသားကျခဲ့ပြီး ဟတ်ထရစ် ၂ ကြိမ် ရယူနိုင်ခဲ့တာပါ။ ပေါ်တူဂီ ကစားသမားဟာ သွင်းဂိုးတွေရော၊ ဂိုးဖန်တီး မှုတွေပါ ပြုလုပ်ပြီး ဆော်ဒီလိဂ်ရဲ့ ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။

ဆော်ဒီလိဂ်မှာ ကစားနေတဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ်

နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲမှာဆိုရင် ရော်နယ်ဒိုဟာ ကိုက် ၃၀ အကွာက ပြစ်ဒဏ်ဘော ကန်ချက်ကနေ ဂိုးသွင်း ယူနိုင်ခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ ကစားသမားဟာ လက်ရှိအချိန်မှာ အယ်လ်နာဆာ အသင်းအတွက် ၁၀ ပွဲ ပါဝင် ကစား ထားပြီး ၉ ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဆော်ဒီလိဂ်ဟာ ရော်နယ်ဒို ရောက်လာပြီးနောက်မှာ ကမ္ဘာအနှံက ကြည့်ရှုသူ ပိုများလာတယ်လို့ အဲဒီနိုင်ငံရဲ့ အားကစားဝန်ကြီးက ပြောထား ပါတယ်။

ဆော်ဒီလိဂ်ဟာ ဥရောပရဲ့ နာမည်ကြီး ကစားသမား အများအပြားကို ခေါ်ယူပြီး သူတို့လိဂ်ကို လူတွေပိုပြီး စိတ်ဝင် စားလာအောင် လုပ်ဆောင်နေပါတယ်။ မကြာသေးခင်က အယ်လ်နာဆာအသင်း ပြိုင်ဘက် အသင်းတွေက ရော်နယ်ဒိုရဲ့ ပြိုင်ဘက်ဖြစ်တဲ့ မက်ဆီကို လုပ်အားခ အများအပြားပေးပြီး ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်း တွေ ထွက်ပေါ်လာခဲ့ပါတယ်။

Source: Goal