CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၄

အီတလီအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ ဟာရီကိန်းက ဒါဟာ သူ့အတွက် အရာအားလုံးကို ဆိုလိုတာလို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းက “ဒါဟာ အရာအားလုံးကို ဆိုလိုပါတယ်။ အင်္ဂလန်ဂျာစီကို ဝတ်ဆင်ပြီး လာမယ့်နှစ် ယူရိုပြိုင်ပွဲ အတွက် ခြေစစ်ပွဲ စတင်ရတာကို အလွန်စိတ်လှုပ်ရှားမိပါတယ်။ ပင်နယ်တီ ကန်သွင်းခွင့်ရခဲ့ပြီး ဂိုးပိုက်ရဲ့ နောက် ကျောကို ထိအောင် ကန်သွင်းနိုင်ခဲ့တာက ကြီးမားတဲ့ ခံစားမှု ဖြစ်ခဲ့ပါတယ်။ တကယ့်ကို မှော်ဆန်တဲ့ အခိုက်အ တန့်ပါ။ အလွန်ကောင်းတဲ့ ညပါပဲ။ အီတလီမှာ အနိုင်မရခဲ့တာ ကြာပါပြီ။ ဂိုးလည်း သွင်းနိုင်ခဲ့သလို အနိုင်ရခဲ့တာ က အလွန်ထူးခြားပါတယ်”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းက အီတလီအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ဟာရီကိန်းဟာ အသင်း အတွက် အနိုင်ဂိုး သွင်းယူပေးပြီးနောက် သွင်းဂိုး ၅၄ ဂိုးနဲ့ လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဟာရီကိန်းကိုတွေ့ရစဉ်

ဟာရီကိန်းဟာ အရင်က အင်္ဂလန်အသင်း ခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီနဲ့ ဂိုးအရေအတွက် ၅၃ ဂိုးစီ တူညီခဲ့ ပေမယ့် အခုအချိန်မှာတော့ အင်္ဂလန်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။

၂၀၁၅ ကတည်းက စံချိန်တင်နိုင်ခဲ့တဲ့ ဝိန်းရွန်းနီကတော့ သူ့ရဲ့ စံချိန်ကိုချိုးဖျက်ပြီး စံချိန်သစ် တင်နိုင်ခဲ့တဲ့ ဟာရီကိန်းကို ဂုဏ်ပြုမှု ပြုလုပ်ခဲ့ပါတယ်။

ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကတည်းက ယူနိုက်တက် ဂန္တဝင်နဲ့ သွင်းဂိုး အရေအတွက် တူညီခဲ့ တာဖြစ်ပြီး ပြင်သစ်နဲ့ ကွာတားဖိုင်နယ်ပွဲမှာသာ ပင်နယ်တီဂိုး ဝင်ခဲ့ရင် အဲဒီမှာကတည်းက စံချိန်သစ် တင်နိုင်မှာပါ။
ဝိန်းရွန်းနီက “အင်္ဂလန်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ ဟာရီကိန်းကို ဂုဏ်ပြုချင်ပါတယ်။ ဒါက သိပ်ပြီး အချိန်မကြာဘူးဆိုတာ သိပေမယ့် မြန်ဆန်ခဲ့ပါတယ်။ သူဟာ ကြီးမြတ်တဲ့လူ၊ မယုံနိုင်စရာ ကောင်း လောက်အောင် ဂိုးသွင်းတဲ့သူနဲ့ အင်္ဂလန်ဂန္တဝင်တစ်ဦးပါ”လို့ တွစ်တာမှာရေးသား ဂုဏ်ပြုခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ဒီပွဲမှာ အီတလီအသင်းကို အနိုင်ရရှိခဲ့တာဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ ဗိုလ်လုပွဲက ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သလို ၁၉၆၁ နောက်ပိုင်း ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Source: BBC