CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၄

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက လက်ချင်စတိန်းအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပါဝင် ကစားခဲ့ပြီးနောက် နိုင်ငံတကာပွဲ အများဆုံး ကစားသမားအဖြစ် စံချိန်တင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။

ရော်နယ်ဒိုက “ကျနော့်အတွက် ဒီလိုကွင်းကြီးထဲမှာ နိုင်ငံအသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပြီး ဒီလိုခံစားချက်မျိုးနဲ့ ထပ်ပြီး ကစားရတာက အလွန်ကောင်းပါတယ်။ ပြီးတော့ နိုင်ငံတကာပွဲ အများဆုံးကစားသမား ဖြစ်ခွင့်ရတဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်”လို့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတာပါ။

ရော်နယ်ဒိုဟာ ဒီပွဲမတိုင်ခင်က ကူဝိတ် လက်ရွေးစင် ကစားသမား မူတာဝါနဲ့ နိုင်ငံတကာပွဲ အရေအတွက် ၁၉၆ ပွဲ စီ တူညီနေခဲ့တာဖြစ်ပြီး လက်ချင်စတိန်းနဲ့ ပွဲမှာ ပါဝင်ခဲ့ပြီးနောက် ၁၉၇ ပွဲနဲ့ ပွဲအများဆုံး ကစားသမားအဖြစ် စံချိန် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါအပြင် ရော်နယ်ဒိုဟာ ဒီပွဲမှာ ၂ ဂိုး သွင်းယူခဲ့တာကြောင့် နိုင်ငံတကာသွင်းဂိုး ၁၂၀ အထိ ရှိလာခဲ့တာ ဖြစ်ပါ တယ်။ ၂၀၀၃ ခုနှစ်မှာ ပေါ်တူဂီအသင်းအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ရော်နယ်ဒိုဟာ နှစ်ပေါင်း ၂၀ ဆက်တိုက် ဂိုးသွင်း ယူနိုင်ခဲ့တဲ့ မှတ်တမ်းတစ်ရပ်ကိုလည်း ရရှိခဲ့တာပါ။

လက်ချင်းစတိန်းအသင်းနဲ့ ပွဲမှာ ရော်နယ်ဒိုကိုတွေ့ရစဉ်

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ပျက်ဖွယ် အဆုံးသတ် ခဲ့ရပေမယ့် နည်းပြသစ် မာတီးနတ်ဇ် လက်ထက်မှာတော့ ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ မာတီးနတ်ဇ်ဟာ ပွဲအပြီးမှာ ရော်နယ်ဒိုကို ချီးကျူးမှု ပြုလုပ်သွားခဲ့တာပါ။

မာတီးနတ်ဇ်က “နိုင်ငံအသင်းမှာ ပါဝင်ဖို့ဆိုရင် ကတိကဝတ် ရှိရပါမယ်။ ကစားသမားတစ်ဦးဟာ ကတိကဝတ် တွေ ပြသဖို့နဲ့ သူ့ရဲ့ အတွေ့အကြုံတွေကို အသုံးချနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ ရော်နယ်ဒိုကတော့ အတွေ့ အကြုံတွေ အများကြီးရှိတဲ့သူဖြစ်ပြီး နိုင်ငံအသင်း အတွက်ဆိုရင်လည်း ကတိကဝတ်တွေ အများကြီးရှိတဲ့သူပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စုအတွင်းမှာ လက်ချင်စတိန်း၊ လူဇင်ဘတ်၊ အိုက်စလန်၊ ဆလိုဗား ကီးယား၊ ဘော့စနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး တနင်္ဂနွေနေ့မှာ လူဇင်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: AP