CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၄


ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ကလပ်အသင်း ပိုင်ရှင်အသစ် အတည်မပြုခင် အချိန်အထိ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုမယ့်ကိစ္စကို ရွှေ့ဆိုင်းဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကလပ်အသင်းကို ရောင်းချဖို့ လုပ်ဆောင်နေတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် ရာသီအကုန်မှာ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် ရက်ရှ်ဖို့ဒ်ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေတာပါ။

အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှူးလည်းဖြစ်တဲ့ ရက်ရှိဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ရုန်းကန် ခဲ့ရပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၂၇ ဂိုးသွင်းပြီး ၉ ဂိုး ဖန်တီးထားပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ရက်ရှ်ဖို့ဒ်ဟာ သူ့ကစားသမားဘဝရဲ့ အကြီးမားဆုံး စာချုပ်ကို ချုပ်ဆိုနိုင်ဖို့ မျှော်လင့် ထားပေမယ့် ယူနိုက်တက်အသင်းဟာ စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခပေါင် ၂၀၀,၀၀၀ ဝန်းကျင်သာပေးဖို့သာ ဆန္ဒရှိတယ်လို့ စပေါ့မေးလ်က ဇန်နဝါရီလတုန်းက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားကိုတွေ့ရစဉ်

ဒါဟာ အင်္ဂလန်ကြယ်ပွင့် ကစားသမားအတွက် အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နှစ်တွေက အသင်းမှာရှိတဲ့ အဓိက ကစားသမားတွေရဲ့ ဝင်ငွေတွေဟာ ကွာခြားမှု များပြားခဲ့တာကြောင့် အသင်း ဖော် အချင်းချင်း စိတ်ဝမ်းကွဲမှု မဖြစ်အောင် လစာကို အများကြီး မပေးဖို့ စီစဉ်ခဲ့တာပါ။

အဲဒါကြောင့် ရက်ရှ်ဖို့ဒ်ဟာ အသင်းပိုင်ရှင်အသစ် ဘယ်သူဖြစ်လာမလဲဆိုတာကို စောင့်ကြည့်နေပြီး လက်ရှိ အချိန် မှာ ကာတာက ရှိတ်ဂျာဆင်မ်နဲ့ ဗြိတိန်ဘီလျံနာ ရက်ကလစ်ဖ်တို့က အသင်းကို ဝယ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှု တွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

သူတို့တွေဟာ ယူနိုက်တက်အသင်းကို ဝယ်ယူနိုင်ခဲ့မယ်ဆိုရင် ကြီးကြီးမားမား သုံးစွဲမယ်လို့ ကတိပြုထားတာ ဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကလည်း တစ်ပတ်ပေါင် ၂၀၀,၀၀၀ ထက် ပိုပြီး ရနိုင်ဖို့ မျှော်လင့်နေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ ငယ်ဘဝ ကလပ်ဖြစ်တဲ့ ယူနိုက်တက်အသင်းမှာ ဆက်ပြီး နေချင်ပေမယ့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အဲဒါကြောင့် မန်ချက်စတာကလပ်ဟာ သူတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ကို ဆုံးရှုံးမှု မရှိရအောင် အမြန်ဆုံး စာချုပ်ချုပ်ဖို့ လုပ်ဆောင်နေတာပါ။ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် ယူရို ၂၀၂၄ ခြေစစ်ပွဲဝင်နေတဲ့ အင်္ဂလန်အသင်း လူစာရင်းကနေ နှုတ်ထွက်ထားပါတယ်။

Source: Daily Mail