CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ဘော့စနီးယားအသင်းကို ၅ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ၂ ဂိုးသွင်းယူပြီးနောက် ၂၀၂၃ ခုနှစ်ထဲမှာ ဂိုးအများဆုံးသွင်းတဲ့ကစားသမားအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဒီပွဲမှာသွင်းယူခဲ့တဲ့ ၂ ဂိုးကြောင့် ၂၀၂၃ ခုနှစ်ထဲမှာ သူ့ရဲ့ သွင်းဂိုးဟာ ၄၀ အထိရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းကို ၁ ဂိုးအသာ ရရှိသွားခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၇ ပွဲကစားအပြီးမှာ ၉ ဂိုးအထိသွင်းယူထားပြီး ဘယ်လ်ဂျီယံအသင်းတိုက်စစ်မှူး လူကာကူနဲ့ အတူ ခြေစစ်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ပူးတွဲဦးဆောင်နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ဘော့စနီးယားအသင်းနဲ့ ပွဲမှာ ပင်နယ်တီကနေ တစ်ဂိုးသွင်းယူခဲ့တာကြောင့် သူ့ရဲ့ ကစားသမား ဘ၀ ပင်နယ်တီသွင်းဂိုး ၁၆၀ ပြည့်သွားခဲ့တယ်လို့ သိရတာပါ။ ဒါ့အပြင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝသွင်းဂိုး ၉၀၀ အထိသွင်းယူနိုင်ဖို့ ပစ်မှတ်ထားနေတဲ့ ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ၈၅၉ ဂိုးအထိသွင်းယူထားပြီး ဖြစ်ပါ တယ်။

ရော်နယ်ဒိုဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှ ကစားသမားဘဝက အနားယူဖို့ စဉ်းစားနေတာကြောင့် သွင်းဂိုး ၉၀၀ ကိုကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာနေတယ်လို့ သုံးသပ်နေကြတာပါ။ ဘော့စနီးယားအသင်းနဲ့ ပွဲမတိုင်ခင် ကတည်းက ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စုတွင်း ၈ ပွဲကစားအပြီးမှာ ၈ ပွဲစလုံး အနိုင်ရရှိကာ အုပ်စုပထမနေရာရရှိဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။ 

ပေါ်တူဂီအသင်းဟာ ၈ ပွဲမှာ ၃၂ ဂိုးအထိသွင်းယူထားပြီ ပေးဂိုး ၂ ဂိုးသာခွင့်ပြုထားရတာပါ။ ပေါ်တူဂီအသင်းဟာ လာမယ့် နိုဝင်ဘာလမှာ ယူရို ၂၀၂၄ ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွေအဖြစ် လက်ချင်စတိန်း၊ အိုက်စလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အိမ်ရှင်ဂျာမနီအသင်းအပြင် ယူရို ၂၀၂၄ ပြိုင်ပွဲကို ပေါ်တူဂီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ စကော့တလန်၊ တူရကီနဲ့ သြစတြီးယားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီဖြစ်ပါတယ်။

Source:DailyMail