CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇

ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုမှုအရ ပါလက်စတိုင်း လက်ရွေးစင်အသင်းရဲ့ လာမယ့်ပွဲစဉ်တွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ အယ်လ်ဂျီးရီးယားက ပြောပါတယ်။

ပါလက်စတိုင်းအသင်းဟာ နိုဝင်ဘာလထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်(အာရှဇုန်) ပွဲစဉ်တွေကို ယှဉ်ပြိုင်ရတော့မှာပါ။ 

ပထဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၆ ရက်မှာ လက်ဘနွန်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၂၁ ရက်မှာ ကစားမယ့် သြစတြေးလျအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ကို အယ်လ်ဂျီးရီးယားမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

အယ်လ်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်ဟာ ပါလက်စတိုင်းနေထိုင်မှုနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ပေးသွားမယ်လို့လည်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပါလက်စတိုင်းအသင်း ယှဉ်ပြိုင်နေစဉ်

ဒေသတွင်းမှာ ပဋိပက္ခတွေ ပြင်းထန်နေတာကြောင့် သြစတြေးလျအသင်းနဲ့ ပွဲကို ကြားကွင်းမှာ ကျင်းပဖို့ အာရှ ဘောလုံးအဖွဲ့ချုပ်က တောင်းဆိုထားတဲ့အတွက် ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ်ဟာ ပြင်ပအကူအညီတွေကို ရယူခဲ့ရတာ ဖြစ်ပါတယ်။ 

ပါလက်စတိုင်းအသင်းရဲ့ ပွဲစဉ်တွေကို လက်ခံကျင်းပဖို့ အယ်လ်ဂျီးရီးယားရဲ့ သဘောတူညီမှုဟာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)ဆီကနေ ခွင့်ပြုချက်ရယူဖို့ လိုအပ်နေသေးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အစ္စရေးနဲ့ ပဋိပက္ခတွေ ပြင်းထန်လာတဲ့ ပါလက်စတိုင်းဟာ မလေးရှားမှာ ကျင်းပခဲ့တဲ့ Merdeka ဖလားပြိုင်ပွဲ ကနေ နုတ်ထွက်ခဲ့ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ ပြင်ဆင်မှုတွေဟာ ထိခိုက်ခဲ့ရတာ ဖြစ်ပါတယ်။ 

အစ္စရေးအသင်း ကစားဖို့ ရှိနေတဲ့ ဆွစ်ဇာလန်၊ ကိုဆိုဗို အသင်းတို့နဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကိုလည်း ဥရောပ ဘောလုံးအဖွဲ့ချုပ်(UEFA)က ရွှေ့ဆိုင်းခဲ့ပါတယ်။

အစ္စရေးအသင်းဟာ ခြေစစ်ပွဲ ၆ ပွဲ ကစားအပြီးမှာ ရမှတ် ၁၁ မှတ်နဲ့ အုပ်စုတွင်းအဆင့် ၃ နေရာမှာ ရပ်တည် နေပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကို ပလေးအော့ဖ်ကနေ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။

Source: BBC