CNI International News
အဘူဂျာ၊ မေလ ၁၈
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာကွန်ဂို) နှင့် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတို့တွင် အီဘိုလာ (Ebola) ရောဂါ ကူးစက်မှုကြောင့် သံသယလူနာ ၃၀၀ ကျော်နှင့် သေဆုံးသူ ၈၈ ဦးအထိ ရှိလာခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အီဘိုလာရောဂါကူးစက်မှု အခြေအနေကို နိုင်ငံတကာအဆင့် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် မေလ ၁၇ ရက်တွင် ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ယခုကူးစက်ရောဂါသည် COVID-19 ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အရေးပေါ် အခြေအနေအဖြစ် သတ်မှတ် ရန် စံနှုန်းများနှင့် ကိုက်ညီမှု မရှိသေးကြောင်း WHO က ပြောကြားခဲ့ပြီး နိုင်ငံတကာနယ်စပ်များကို ပိတ်ပစ်ခြင်း မပြုရန်လည်း အကြံပြုထားသည်။
ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စတင်သည့် အရှေ့ပိုင်း အီတူရီ (Ituri) ပြည်နယ်မှ ကီလိုမီတာ ၁၀၀၀ (မိုင် ၆၂၀) ခန့် ကွာဝေးသော ကွန်ဂိုနိုင်ငံ၏ ကင်ရှာဆာ (Kinshasa) မြို့တော်တွင်လည်း ဓာတ်ခွဲခန်းမှ အတည်ပြုထားသည့် ကူးစက်ခံရသူတစ်ဦး တွေ့ရှိရကြောင်း WHO က X လူမှုမီဒီယာတွင် ထုတ်ပြန်ခဲ့သည်။
ထိုအတည်ပြု လူနာသည် အီတူရီပြည်နယ်သို့ သွားရောက်ခဲ့သူဖြစ်ပြီး ကွန်ဂိုနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံးနှင့် အီတူရီပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြောက်ကီဗူး (North Kivu) ပြည်နယ်တွင်လည်း အခြား သံသယ လူနာများကို တွေ့ရှိရကြောင်း သိရသည်။

အီဘိုလာကူးစက်မှု တားဆီးရေးစင်တာကိုတွေ့ရစဉ်
အီဘိုလာဗိုင်းရပ်စ်သည် အလွန်ကူးစက်လွယ်ပြီး အန်ဖတ်၊ သွေး သို့မဟုတ် သုက်ရည်ကဲ့သို့ ခန္ဓာကိုယ်မှ ထွက်သည့် အရည်များမှတဆင့် ကူးစက်နိုင်သည်။
ထိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါသည် ဖြစ်ခဲသော်လည်း ပြင်းထန်ပြီး အသက်အန္တရာယ် ထိခိုက်သည်အထိ သေဆုံးမှုနှုန်း မြင့်မားတတ်သည်။
WHO ၏ အရေးပေါ် အခြေအနေ ကြေညာချက်သည် ရန်ပုံငွေ ထည့်ဝင်သည့် အလှူရှင် အေဂျင်စီများနှင့် နိုင်ငံများ ကို လှုံ့ဆော်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
WHO ၏ စံနှုန်းများအရ ယခုကြေညာချက်သည် လက်ရှိတွင် အခြေအနေ ပြင်းထန်ပြီး၊ နိုင်ငံတကာသို့ ကူးစက် ပျံ့နှံ့နိုင်ခြေရှိကာ နိုင်ငံတကာမှ စနစ်တကျ ပူးပေါင်း တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ပြသနေသည်။
ယခင်က ထုတ်ပြန်ခဲ့သည့် WHO ၏ အရေးပေါ် ကြေညာချက်များအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုများမှာမူ မတူကွဲပြားမှုများ ရှိခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်းက ကွန်ဂိုနိုင်ငံနှင့် အာဖရိကရှိ အခြားနေရာများတွင် ဖြစ်ပွားခဲ့သည့် Mpox ကူးစက်ရောဂါကို WHO က ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။

အီဘိုလာ ရောဂါကူးစက်မှု စစ်ဆေးနေစဉ်
ထိုသို့ ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ရောဂါရှာဖွေရေး ကိရိယာများ၊ ဆေးဝါးများနှင့် ကာကွယ်ဆေးများ ကဲ့သို့ ထောက်ပံ့ရေးပစ္စည်းများကို ရောဂါ ဖြစ်ပွားရာနိုင်ငံများသို့ လျင်မြန်စွာ ရောက်ရှိစေရန်အတွက် ထိရောက်မှု သိပ်မရှိခဲ့ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
မေလ ၁၅ ရက်က စတင်ဖြစ်ပွားခဲ့သည့် အီဘိုလာ ကူးစက်ရောဂါသည် အတည်ပြုထားသည့် ကုသဆေး သို့မဟုတ် ကာကွယ်ဆေး မရှိသေးသော ရှားပါး အီဘိုလာဗိုင်းရပ်စ် မျိုးကွဲဖြစ်သည့် ဘန်ဒီဗူးဂျို (Bundibugyo) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောကြားခဲ့သည်။
ကွန်ဂိုနှင့် ယူဂန်ဒါနိုင်ငံတို့တွင် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားမှု အကြိမ်ရေပေါင်း ၂၀ ကျော် ရှိခဲ့သော်လည်း ဘန်ဒီဗူးဂျိုဗိုင်းရပ်စ်ကို တွေ့ရှိရခြင်းမှာ ယခုအကြိမ် အပါအဝင် သုံးကြိမ်မြောက်သာ ရှိသေးသည်။
ယူဂန်ဒါနိုင်ငံတွင် တွေ့ရှိရသည့် ကူးစက်လူနာ နှစ်ဦးမှလွဲ၍ ကျန်ရှိသော လူနာအားလုံးမှာ ကွန်ဂိုနိုင်ငံမှ ဖြစ်ကြောင်း WHO က ပြောကြားခဲ့သည်။
Source: အေပီ
