CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈

ပြီးခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဟာရီကိန်းရဲ့အခြေအနေကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက်မှာ ကစားသမားဟာ နိုင်ငံအသင်းရဲ့ နေးရှင်းလိဂ်ပွဲတွေကို ပါဝင်ကစားနိုင်မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက ပြောခဲ့ပါတယ်။ 

ဟာရီကိန်းဟာ ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖရန့်ဖတ်အသင်းတို့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အင်္ဂလန်အသင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့တာပါ။ 

ဟာရီကိန်းဟာ ဒဏ်ရာရခဲ့ပေမယ့် အင်္ဂလန် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့ ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ဒဏ်ရာကို FA ဆေးအဖွဲ့တွေက စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

စစ်ဆေးမှုတွေအရ ဟာရီကိန်းဟာ ထိခိုက်ဒဏ်ရာ မရှိတဲ့အတွက် အင်္ဂလန်အသင်းအတွက် ပါဝင်ကစား ပေးနိုင်မှာပါ။ 

 ဟာရီကိန်းကို တွေ့ရစဉ်

ဒါပေမယ့် ယူနိုက်တက်အသင်းက ကိုဘီမိုင်နူး၊ နော်တင်ဟမ်ဖောရက်စ်အသင်းက ဂစ်ဘ်ဝှိုက်စ်နဲ့ ဗီလာအသင်းက ကွန်ဆာတို့ကတော့ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းအတွက် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ FA က ပြောခဲ့ပါတယ်။ 

အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ကစားသမား ၃ ဦး နုတ်ထွက်ခဲ့ပေမယ့် ယာယီနည်းပြ လီကာစလေက သူတို့ရဲ့ နေရာမှာ ဘယ်ကစားသမားကိုမှ အစားထိုးခေါ်ယူမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

အင်္ဂလန်အသင်းဟာ လီကာစလေ လက်ထက် ကစားထားတဲ့ နေးရှင်းလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲစလုံးကို အနိုင်ရရှိထား တာပါ။ 

အင်္ဂလန်အသင်းဟာ နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် အောက်တိုဘာ ၁၁ ရက်မှာ ဂရိအသင်းနဲ့ အိမ်ကွင်း၊ ၁၃ ရက်မှာ ဖင်လန်အသင်းနဲ့အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: CNA