CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၈

ရီးရယ်လ်အသင်းကြယ်ပွင့် ဘတ်ပီဟာ ဒီလထဲကစားမယ့် နေးရှင်းလိဂ်ပွဲတွေမှာ နိုင်ငံအသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့တဲ့အတွက် ပြင်သစ်အသင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတာဖြစ်ပါတယ်။ 

ဘတ်ပီဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ ရီးရယ်လ်အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပြီး ပြင်သစ်အသင်းရဲ့ လူစာရင်းမှာ မပါဝင်ခဲ့တာကြောင့် ပရိသတ်တွေက သူ့ကိုဝေဖန်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

ဘတ်ပီဟာ ပြီးခဲ့တဲ့လက ကြွက်သားဒဏ်ရာ ရရှိခဲ့ပေမယ့် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့သလို ဗီလာရီးရယ်လ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ရီးရယ်လ်အသင်းရဲ့ ပွဲထွက်လူစာရင်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဘတ်ပီဟာ ပြင်ဆင်ချိန် နည်းပါးခဲ့ပြီး ပွဲအနည်းငယ်သာ ကစားခဲ့ရတဲ့အတွက် နိုင်ငံအသင်း လူစာရင်းကနေ ထွက်ခွာခဲ့တာလို့ ပြောခဲ့တာပါ။

ဘတ်ပီကို တွေ့ရစဉ်

ပြင်သစ်ပရိသတ်တွေကတော့ ဘတ်ပီဟာ နိုင်ငံအသင်းရဲ့ စီနီယာ ကစားသမားဖြစ်သလို အသင်းခေါင်းဆောင် လည်း ဖြစ်ပေမယ့် နိုင်ငံအသင်းထက် ရီးရယ်လ်အသင်းကို ဦးစားပေး ရွေးချယ်ခဲ့တဲ့အပေါ် စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။ 

ပြင်သစ်ကစားသမားဟောင်း ဘော့ဆစ်က ဘတ်ပီအနေနဲ့ ဒဏ်ရာရင် ကလပ်အသင်းအတွက်လည်း မကစား ရဘူးလို့ ဝေဖန်မှုပြုလုပ်ခဲ့တာပါ။

လက်ရှိ ပြင်သစ်အသင်း လူစာရင်းမှာ ဘတ်ပီလည်း မပါဝင်သလို ဂရစ်ဇ်မန်းကလည်း အနားယူခဲ့တာကြောင့် ပြင်သစ်အသင်းအတွက် လူစာရင်းရွေးချယ်မှုမှာ အခက်တွေ့နိုင်တာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ပြင်သစ်အသင်းကြီးအတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ ဘတ်ပီဟာ ၈၆ ပွဲ ကစားထားပြီး ၄၈ ဂိုးသွင်းယူကာ နိုင်ငံအသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၁ နေးရှင်းလိဂ် ဖလားတို့ကို ရယူထားနိုင်ခဲ့တာပါ။ 

ပြင်သစ်အသင်းဟာ လာမယ့် နေးရှင်းလိဂ် ပွဲစဉ်တွေအဖြစ် အစ္စရေး၊  ဘယ်လ်ဂျီယံအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal