CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက အိုက်စလန်အသင်းကို ခြေစမ်းပွဲမှာ ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာက ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် အသင်းအတွက်ကောင်းမွန်တဲ့ နိုးထမှုဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းက “အိုက်စလန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ဆူညံသံတွေရှိမှာဖြစ်ပေမယ့် ပရိသတ်တွေဆီကနေ အကောင်း မြင်တဲ့ အရာတွေ အများကြီးရှိလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ကွင်းထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဖို့က ကျနော်တို့အပေါ်မှာ မူတည်ပါတယ်။ ဒါပေမယ့် လူတွေထင်ထားသလို လွယ်ကူမှာ မဟုတ်တာကြောင့် ဒါက လူတိုင်းအတွက် ကောင်းမွန်တဲ့နိုးထမှု ဖြစ်နိုင်ပါတယ်။ ကျနော်တို့ လုပ်စရာတွေ အများကြီးရှိပါတယ်”လို့ ပြောခဲ့ တာပါ။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်ပေမယ့် နောက်ဆုံးကစားခဲ့တဲ့ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေ ခံခဲ့ရပါတယ်။ 

အဲဒါကြောင့် အသင်းခေါင်းဆောင် ဟာရီကိန်းက အင်္ဂလန်အသင်းအနေနဲ့ ယူရိုပြိုင်ပွဲ မစတင်ခင်မှာ တိုးတက်ဖို့ အများကြီး လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းကိုတွေ့ရစဉ်

အင်္ဂလန်အသင်းဟာ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ဘော့စနီးယားအသင်းကို အနိုင်ရခဲ့တာကလွဲပြီး ကျန် ၄ ပွဲမှာ ၂ ပွဲသရေ ၂ ပွဲရှုံး ရလဒ်ထွက်ပေါ်ခဲ့တာပါ။ 

နည်းပြ ဆောက်ဂိတ်ကတော့ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေ မကောင်းခဲ့ပေမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အဆင်သင့် ဖြစ်နေလိမ့်မယ်လို့ အိုက်စလန်အသင်းနဲ့ ခြေစမ်းပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆားဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ အုပ်စု C မှာ ကျရောက်နေတာပါ။

အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက်မှာ ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Dailymail