CNI Sport Article
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၄

ကမ္ဘာ့ဖလားပြိုင်ပွဲပြီးရင် ကမ္ဘာပေါ်မှာရှိတဲ့ ပရိသတ်တွေ စိတ်ဝင်စားမှု အရှိဆုံး ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်တဲ့ ဥရောပချန်ပီယံရှစ်(ယူရို)ပြိုင်ပွဲကတော့ ပြိုင်ပွဲတစ်ခုရဲ့ အဆုံးသတ်ဖြစ်တဲ့ ဗိုလ်လုပွဲကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ 

အသင်းပေါင်း ၂၄ သင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ၂၂ သင်းက ပြိုင်ပွဲက ထွက်ခွာခဲ့ပြီဖြစ်လို့ ကျန်ရှိနေတဲ့ စပိန်နဲ့ အင်္ဂလန်အသင်းတို့က ဥရောပချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိဖို့ ပြိုင်ဆိုင်ကြတော့မှာပါ။ 

၂ သင်းစလုံးဟာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့လို့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂ သင်းစလုံးဟာ ပြိုင်ပွဲ မစတင်ခင်ကတည်းက ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ အသင်းတွေ ဖြစ်တဲ့အတိုင်း သူတို့ရဲ့ပြိုင်ဘက်တွေကို ကျော်ဖြတ်လာနိုင်ခဲ့တာပါ။ 

စပိန်အသင်းဟာ ယူရို ချန်ပီယံဆုကို ၃ ကြိမ် ရရှိထားပြီး ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ဂျာမနီအသင်း နဲ့အတူ ရပ်တည်နေပေမယ့် အင်္ဂလန်အသင်းကတော့ ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်းမရှိသေးဘဲ သူတို့အတွက် အမြင့်ဆုံးအောင်မြင်မှုက ဗိုလ်လုပွဲတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

စပိန်အသင်းဟာ ဒီပြိုင်ပွဲတစ်လျှောက် ချန်ပီယံဖြစ်မယ့် ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပြီး အင်္ဂလန်အသင်းကတော့ ပြီးခဲ့တဲ့ ဆွစ်ဇာလန်နဲ့ နယ်သာလန်အသင်းတို့ပွဲစဉ်မှာ ချန်ပီယံခြေစွမ်းကို ပြသနိုင်ခဲ့တာပါ။ 

စပိန်အသင်းဟာ ဗိုလ်လုပွဲကို ရောက်ဖို့အတွက် ခရိုအေးရှား၊ အီတလီ၊ ဂျာမနီနဲ့ ပြင်သစ်အသင်းတို့လို အသင်းကြီး တွေကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းကတော့ ဒိန်းမတ်၊ ဆလိုဗက်ကီးယား၊ ဆွစ်ဇာလန်နဲ့ နယ်သာလန် အသင်းတို့ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

၂ သင်းစလုံးဟာ အတွေ့အကြုံရင့် ကစားသမားတွေ၊ လူငယ်ကစားသမားတွေနဲ့ ယူရိုပြိုင်ပွဲဝင် အသင်းလူ စာရင်းကို ဖွဲ့စည်းထားတာပါ။


စပိန်အသင်းဟာ အဓိကကွင်းလယ်လူ ပီဒရီကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပေမယ့် ယာမဲလ်၊ နီကိုဝီလီယံစ်တို့လို လူငယ်ကြယ်ပွင့်တွေက ရိုဒရီ၊မိုရာတာ၊ နာချို၊ ကာဗာဂျဲလ်တို့လို့ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ တွဲဖက် ညီစွာ ကစားပြီး စပိန်အသင်းကို ခေတ်တစ်ခေတ် ပြန်လည်ထူထောင်နိုင်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ 

စပိန်အသင်းဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ သူတို့ရဲ့ အကောင်းဆုံး အချိန်ကာလကို ပိုင်ဆိုင်ခဲ့ရပြီး ယူရိုချန်ပီယံဆု ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလားချန်ပီယံဆု ၁ ကြိမ်ရယူနိုင်ခဲ့တာပါ။ 

ဒီနောက်ပိုင်းမှာ စပိန်အသင်းဟာ ရလဒ်ပိုင်းရော စွမ်းဆောင်ရည်တွေရော ကျဆင်းခဲ့ပြီး အခုအချိန်မှ အရင် စပိန်အသင်းကို ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ နည်းပြ ဆောက်ဂိတ်လက်ထက် အဓိကပြိုင်ပွဲကြီးတွေမှာ ရလဒ်ကောင်းတွေ ရရှိခဲ့ပြီး ယူရို ဗိုလ်လုပွဲကို ၂ ကြိမ်ဆက်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို ၁ ကြိမ် တက်နိုင်ခဲ့တာပါ။

ဒါပေမယ့် ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေခံခဲ့ရတာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ခြေစွမ်းပိုင်းက အားရစရာ အရမ်းကြီး မရှိသေးပေမယ့် ဗိုလ်လုပွဲ ကို ရောက်ရှိလာခဲ့တာပါ။


အင်္ဂလန်အသင်းဟာ အခုအချိန်ထိ ကံကောင်းနေခဲ့တာဖြစ်ပြီး ဆလိုဗက်ကီးယားအသင်းနဲ့ ၁၆ သင်းအဆင့် ပွဲစဉ်မှာ မိနစ် ၉၀ ပြည့်တဲ့ထိ အရေးနိမ့်နေခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ချေပဂိုးသွင်းပြီး အချိန်ပိုမှာ အနိုင်ဂိုးသွင်း ယူကာ ကွာတားဖိုင်နယ်ကို တက်ခဲ့ပါတယ်။

ဒီလိုပဲ ဆွစ်ဇာလန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ ဦးဆောင်ဂိုး ပေးခဲ့ရပြီးမှာ အနောက် ကနေ အသည်းအသန် လိုက်ကစားပြီး ချေပဂိုးရရှိကာ ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ခဲ့တာပါ။

ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ နယ်သာလန်အသင်းနဲ့ ပွဲစဉ်မှာလည်း အင်္ဂလန်အသင်းဟာ ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် ချေပဂိုးနဲ့ နာကျင်အချိန်ပိုမှာ အနိုင်ဂိုးသွင်းပြီး ဗိုလ်လုပွဲတက်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ အရေးနိမ့်နေတဲ့ အချိန်တိုင်း နည်းပြ ဆောက်ဂိတ်ရဲ့ လူစားလဲမှုတွေက အခုအချိန်ထိ အလုပ်ဖြစ်ခဲ့ပြီး လူစားဝင် ကစားသမားတွေက အင်္ဂလန်အသင်းအတွက် အထောက်အကူ ဖြစ်စေခဲ့တာပါ။ 

အင်္ဂလန်အသင်းအနေနဲ့ စပိန်အသင်းနဲ့ ဗိုလ်လုပွဲမှာရော ဒီလိုကံကောင်းမှုမျိုးတွေ ထပ်ပြီးကြုံတွေ့ ရမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ ချန်ပီယံဆုကို ရရှိချင်ရင် ဒီလိုမျိုး ကြုံတွေ့မှာကို မစောင့်ဆိုင်းဘဲ အကောင်းဆုံး လုပ်ရမှာ ဖြစ်သလို စပိန်အသင်းအနေနဲ့လည်း ပြီးခဲ့တဲ့ပွဲတွေကလို ခြေစွမ်းမျိုးကို ဆက်ပြီးပြသဖို့ လိုအပ်နေတာပါ။ 

အဲဒါကြောင့် ယူရိုချန်ပီယံဆုကို စပိန်အသင်းက ၄ ကြိမ်မြောက် ကိုင်မြှောက်သွားမလား အင်္ဂလန်အသင်းက ပထမဆုံးအကြိမ် ချန်ပီယံဆုကို ကိုင်မြှောက်သွားမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။