CNI Article
၂၀၂၄ ခုနှစ် ၊ ဇူလိုင် ၁၄

ထိုင်းတွင် အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲဟောင်းနှင့် ဆာရီရူအမ်ထိုင်း (Seriruamthai)ပါတီ ခေါင်းဆောင် ဆာရီးပီဆွတ် တမ်မီယာဗက်စ် (Pol Gen Sereepisuth Temeeyaves) နှင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) တို့အကြား တွေ့ဆုံမှုသည် ထိုင်းနိုင်ငံရေးလောကကို လှုပ်ခတ်သွားစေသည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က PPTV မှ သတင်းထောက် တစ်ဦးနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ဆာရီးပီဆွတ် က သူသည် ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) ကို အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (NACC) ထံ တိုင်ကြားထားသော အာဏာအလွဲသုံးမှု တိုင်ကြားစာကို ပြန်လည်ရုတ်သိမ်းရန် ဆုံးဖြတ်ခဲ့ ကြောင်း ပြောကြားခဲ့သည်။  

သက်ဆင်နှင့် ၎င်း၏ ညီမဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်းလပ် (Yingluck) တို့၏ တိုက်တွန်းချက်ကြောင့် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆာရီးပီဆွတ်က ပြောသည်။

သူသည် ရဲတပ်ဖွဲ့အထွေထွေဆေးရုံတွင် ဆေးဝါးကုသမှု ခံယူခဲ့ရသည့် သက်ဆင်ထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း ဆာရီးပီဆွတ်က ပြောကြားခဲ့သော်လည်း ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့သော နေ့စွဲအတိအကျကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

ဆာရီးပီဆွတ်ကို တွေ့ရစဉ်

၎င်းတို့နှစ်ဦး တွေ့ဆုံမှုတွင် သက်ဆင်က NACC တွင် ဆရီသာအား တိုင်ကြားထားသည့် တိုင်ကြားစာကို ပြန်လည်ရုတ်သိမ်းရန် တိုက်တွန်းခဲ့သည်ဟု ဆာရီးပီဆွတ်က ပြောသည်။

သူသည် သက်ဆင်၏ တိုက်တွန်းမှုကို အစောပိုင်းက ငြင်းဆိုခဲ့ပြီး ထိုအမှုသည် ပြစ်မှုဆိုင်ရာ အမှုအခင်းနှင့် ဆက်နွှယ်နေသဖြင့် ပြန်လည်ရုတ်သိမ်းရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

၎င်း၏ တိုင်ကြားစာတွင် ဆရီသာသည် လွန်ခဲ့သည့် ၁ နှစ်က ရဲချုပ် တော်ဆက် ဆွတ်ဗီမိုလ် (Torsak Sukvimol) ရဲတပ်ဖွဲ့အကြီးအကဲအဖြစ် ခန့်အပ်မှုတွင် ရဲတပ်ဖွဲ့ အက်ဥပဒေကို ချိုးဖောက်ခဲ့သည်ဟု ယူဆရကြောင်း ဖော်ပြ ထားသည်။

ရဲချုပ်အသစ် ခန့်အပ်မှုတွင် ရဲချုပ်ရွိုင်း အင်ကာပိုင်ရိုတီ (Roy Inkapairote) က ထိုရာထူး နေရာအတွက် ပိုပြီး စီနီယာကျသည့် ရဲအရာရှိဖြစ်ကြောင်း ဆာရီးပီဆွတ်က ပြောသည်။

ထို့ပြင် ထိုရာထူး နေရာအတွက် ဒုတိယအသင့်တော်ဆုံးမှာ ရဲချုပ် သူရချာတီ ဟက်ပန် (Surachate Hakparn) က ဒုတိယစီနီယာကျသူဖြစ်ပြီး တတိယနေရာတွင် ရဲချုပ် တော်ဆက်ဖြစ်သည်ဟု စီနီယာ၊ ဂျူနီယာ အစဉ်အတိုင်း ဆာရီးပီဆွတ်က ပြောကြားခဲ့သည်။

သက်ဆင်နဲ့ ညီမဖြစ်သူ ယင်းလပ်ကို တွေ့ရစဉ်

မည်သို့ပင်ဆိုစေ သက်ဆင်က ထိုတိုင်ကြာစာကို ရုပ်သိမ်းပေးရန်သာ မလျှော့တမ်း တောင်းဆိုခဲ့ပြီး ကျန်သည့် ကိစ္စများကို သူကိုယ်တိုင် ဖြေရှင်းပေးမည်ဟု ကတိပြုခဲ့ကြောင်း ဆာရီးပီဆွတ်က ပြန်လည်ပြောပြခဲ့သည်။

သက်ဆင်၏ ညီမဖြစ်သူ ယင်းလပ်ကလည်း ပြည်ပမှ ဖုန်းခေါ်ဆိုပြီး အလားတူ တောင်းဆိုမှုမျိုး ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ဆာရီးပီဆွတ်က သက်ဆင်နှင့် ယင်းလပ်ကို သိကျွမ်းခဲ့သည်မှာ အချိန်ကာလ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ သက်ဆင် သည် ရဲတပ်ဖွဲ့အကယ်ဒမီတွင် ၎င်း၏ ဂျူနီယာဖြစ်ခဲ့ကြောင်းနှင့် တိုင်ကြားစာကို ပြန်လည်ရုပ်သိမ်းပေးရန် သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

"ကျနော်က အငြိုးထားတတ်တဲ့သူ မဟုတ်ပါဘူး။ ဒီကိစ္စကလည်း ပုဂ္ဂိုလ်ရေး ရန်ငြှိုး မဟုတ်ပါဘူး။ သူတို့ (သက်ဆင်နှင့် ယင်းလပ်) ရဲ့ တောင်းဆိုချက်တွေကို ကျနော် ဘယ်လိုလုပ်ပြီး ငြင်းနိုင်ပါ့မလဲ" ဟု ဆာရီးပီဆွတ် ပြောကြားခဲ့သည်။

NACC အနေဖြင့် ထိုအမှုကို ပလပ်မည် ဟုတ်/မဟုတ် သေချာစွာ မသိရသေးပေ။ အဘယ်ကြောင့်ဆိုသော် NACC ၏ဥက္ကဋ္ဌ ရဲချုပ် ပက်ချာရာပိုလ် ပရာဆန်ရက်ကစ် ( Patcharapol Prasarnrajkit) နှင့် အတွင်းရေးမှူးချုပ် နီဝတ်ချိုင်း ကာဆမ်မွန်ကောလ် (Niwatchai Kasemmongkol) တို့က ထိုအမှုနှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေ ခြင်းကြောင့် ဖြစ်သည်။

စွပ်စွဲချက်သာ မှန်ကန်ခဲ့မည်ဆိုပါက သက်ဆင်သည် ထိုကိစ္စတွင် ဆရီသာကိုယ်စား အဘယ်ကြောင့် ကြားဝင် စွက်ဖက်နေရသနည်း။

ဝန်ကြီးချုပ် ဆရီသာကို တွေ့ရစဉ်

သက်ဆင်သည် နိုင်ငံရေးလောကမှ အနားယူပြီဟု ကြေညာခဲ့သည့်တိုင် ယခုကိစ္စတွင် ပါဝင်နေခြင်းသည် သူ့ကတိကို ချိုးဖောက်ရာ ရောက်နေပါသလော စသဖြင့် မေးခွန်းများ ထွက်ပေါ်နေသည်။

အကြောင်းပြချက်တစ်ခုမှာ ဆရီသာသည် အမှားအယွင်း ပြုလုပ်ခဲ့ကြောင်း NACC က ဆုံးဖြတ်ခဲ့မည်ဆိုပါက ထိုအမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ ရောက်ရှိသွားမည်ဖြစ်ကာ ဆရီသာသည် ရာထူးမှ ယာယီ ဆင်းပေးရမည်ဖြစ်ပြီး ညွှန့်ပေါင်းအစိုးရအဖွဲ့သည် ဝန်ကြီးချုပ်မရှိဘဲ ဆက်လက် ရပ်တည်ရမည်ဖြစ်သည်။

နောက်တစ်ဆင့် အနေဖြင့် ဆရီသာသည် အမှားအယွင်း ပြုလုပ်ခဲ့ကြောင်း တရားရုံးက ပြစ်မှုထင်ရှား တွေ့ရှိခဲ့ မည်ဆိုပါက သူသည် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိသည်။

ထိုအခြေအနေသို့ ရောက်ရှိလာခဲ့မည်ဆိုပါက ဖြူးထိုင်းပါတီအတွက် ပြဿနာနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ 

အဘယ်ကြောင့်ဆိုသော် ဖြူးထိုင်းပါတီတွင် ဝန်ကြီးချုပ် နေရာကို အစားထိုးရန် အရည်အချင်း ပြည့်မီသူ မရှိသေးဘဲ သက်ဆင်၏ သမီးဖြစ်သည့် ဖြူးထိုင်းပါတီခေါင်းဆောင် ပေတုန်တန် (Paetongtarn) သည် ဝန်ကြီးချုပ်နေရာအတွက် အဆင်သင့် မဖြစ်သေးပေ။

အခြားကိုယ်စားလှယ်လောင်းဖြစ်သည့် ချိုင်ကာဆမ် နီတီသီရိ (Chaikasem Nitisiri) ကျမ်းမာရေး အခြေအနေ ဆိုးရွားနေသဖြင့် ဝန်ကြီးချုပ်အဖြစ် ချက်ချင်း တာဝန်ထမ်းဆောင်နိုင်မည် မဟုတ်ပေ။

ဆရီသာ၏ ပြဿနာများသည် ထိုနေရာတွင် မပြီးသေးပေ။ သူသည် ပီချစ် ချူအန်ဘန် (Phichit Chuenban) ကို ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ချိန်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အပုဒ်ခွဲ ၁၆၀ ကို ချိုးဖောက်ခဲ့ ဖွယ်ရှိကြောင်း တိုင်ကြားခံထားရသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

သက်ဆင်နဲ့ သမီးဖြစ်သူ ပေတုန်တန်ကို တွေ့ရစဉ်

ထိုအခြေအနေမျိုးတွင် သက်ဆင်က ကြားဝင်စွက်ဖက်နေမှုသည် ဖြူးထိုင်းပါတီ၏ အကျိုးစီးပွားများကို ကာကွယ် ရန် သူ့ကတိစကားများကို သူကိုယ်တိုင် ချိုးဖောက်ရသည့် အနေအထားသို့ပင် ရောက်ရှိလာနိုင်သည်။

ထို့ပြင် လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်သည့် NACC သည် သက်ဆင်၏ သြဇာလွှမ်းမိုးမှု အောက်တွင်ရှိနေသည့် အေဂျင်စီ ဟုတ်/မဟုတ်ဆိုသည့်အချက်ကို NACC ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့၏ ပြောစကားများကို ကြည့်ပြီး သုံးသပ်ရမည်ဖြစ်သည်။

NACC သည် သက်ဆင်၏ သြဇာလွှမ်းမိုးမှု အောက်တွင်ရှိပါက နိုင်ငံအတွက်နှင့် ပြည်သူများအတွက် ဝမ်းနည်းစရာ အခြေအနေ ဖြစ်လာနိုင်သည်။

NACC ကိုယ်တိုင်ကလည်း ယခင်ကတည်းက စွမ်းဆောင်ရည် ညံ့ဖျင်းမှုများအတွက် ဝေဖန်ခံနေရသည့် အဖွဲ့အစည်း ဖြစ်သည်။

ဥပမာပြရပါက တန်ဖိုးကြီး လက်ပတ်နာရီ အများအပြားကို ဝတ်ဆင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ပရာဝစ် ဝေါင်ဆူဝမ် (Prawit Wongsuwan) ၏ အမှုတွင် ပရာဝစ်သည် မည်သည့် အမှားအယွင်းမှ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ဆုံးဖြတ်ခံခဲ့ရသည်။

သက်ဆင်နဲ့ ပေတုန်တန်ကို တွေ့ရစဉ်

နောက်ထပ် ဆိုင်းငံ့ထားသည့် အမှုမှာ ရဲချုပ် သူရချာတီ (Surachate) ၏ အမှုဖြစ်ပြီး NACC သည် သူရချာတီကို အကာအကွယ်ပေးခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

မြို့ပြရဲတပ်ဖွဲ့ဗျုရိုက BNK Master အွန်လုင်းလောင်းကစား ကွန်ရက်နှင့်ပတ်သက်ပြီး ငွေမည်းခဝါချမှုတွင် ဆူရချာတီနှင့် အခြား ရဲအရာရှိ ၄ ဦး ပါဝင်ကြောင်း တိုင်ကြားထားသည့် အမှုကို ပြန်လည်စတင်ရန်  NACC ကို တောင်းဆိုခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။

ထိုအမှုသည်  NACC နှင့် မသက်ဆိုင်ဘဲ ပြစ်မှုဆိုင်ရာ တရားရုံး၏ တရားစီရင်ပိုင်ခွင့် အတွင်း၌သာရှိကြောင်း ရဲတပ်ဖွဲ့ဗျူရိုက ပြောကြားခဲ့သည်။

ထိုအမှုကို ပြီးခဲ့သည့်နှစ်က ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့်  NACC ထံ တင်သွင်းခဲ့ပြီး NACC သည် ထိုအမှုကို တရားရုံးသို့ တင်သွင်းနိုင်မည့် သတ်မှတ်အချိန် ကာလဖြစ်သည့် ၆ လတာ ကာလကို သက်တမ်းကုန်စေရန် ဆိုင်းငံ့ထားကြောင်း စွပ်စွဲခံခဲ့ရသည်။

ထို့ကြောင့် ဆရီသာ၏ အမှုတွင် သက်ဆင်က ဝင်ရောက် စွက်ဖက်နေခြင်းသည် ယခင်ကတည်းက အားနည်း ချက်များနှင့် ဝေဖန်ခံနေရသည့်  NACC အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည် ဟုတ်/မဟုတ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်