CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၈
လိဒ်စ်အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ မန်စီးတီးအသင်း ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ကယ်လ်ဗင်ဖီးလစ်ဟာ ၂၀၂၂ နွေရာသီမှာ ပေါင်သန်း ၅၀ နဲ့ လိဒ်စ်အသင်းကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ပြီး ကတည်းက သူ့ရဲ့ကစားသမားဘဝဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ကယ်လ်ဗင်ဖီးလစ်ဟာ ဝိတ်တက်နေတယ်ဆိုပြီး မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာရဲ့ မှတ်ချက်ပေးခြင်းကို ခံခဲ့ရသလို မန်ချက်စတာကလပ်မှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိပါဘူး။
ကယ်လ်ဗင်ဖီးလစ်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ဝက်စ်ဟမ်းနဲ့ အစ်စဝှစ်ချ်အသင်းတွေမှာ အငှားကစားခဲ့ပေမယ့် အကောင်းဆုံးပုံစံရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။

ကယ်လ်ဗင်ဖီးလစ်ကို တွေ့ရစဉ်
ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၁ ပွဲတည်းသာ ပါဝင်ကစားထားရတဲ့ ကယ်လ်ဗင်ဖီးလစ်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်နေတာပါ။
ဒီအချိန်မှာ လိဒ်စ်အသင်းဟာ ကယ်လ်ဗင်ဖီးလစ်ကို အငှားနဲ့ ပြန်ပြီးခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် အင်္ဂလန်ကစားသမားရဲ့ ကြီးမားတဲ့လုပ်ခလစာက ဒီအပြောင်းအရွှေ့ကို အတားအဆီးဖြစ်နိုင်တယ်လို့ သိရပါတယ်။
ကယ်လ်ဗင်ဖီးလစ်ကို အငှားနဲ့ ခေါ်ယူဖို့ ဝုလ်ဗ်စ်အသင်းကလည်း စိတ်ဝင်စားနေတာကြောင့် လိဒ်စ်အသင်းဟာ ဒီအပြောင်းအရွှေ့အတွက် သူတို့ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းနဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတာပါ။
လိဒ်စ်အသင်းနဲ့ ဝုလ်ဗ်စ်အသင်းတို့ဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေဖို့အတွက် သူတို့ရဲ့ ကွင်းလယ်ပိုင်းကို အားကောင်းအောင်ပြုလုပ်ဖို့ ကယ်လ်ဗင်ဖီးလစ်ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။
ကယ်လ်ဗင်ဖီးလစ်ဟာ လိဒ်စ်အသင်းမှာ ကစားခဲ့ချိန်က ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် အင်္ဂလန်အသင်းရဲ့အဓိက ကစားသမားဖြစ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်နောက်ပိုင်း လက်ရွေးစင်အသင်း လူစာရင်းနဲ့ ဝေးကွာခဲ့ပါတယ်။
Source: Sportsmole
