CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁

ဆလိုဗက်ကီးယားအသင်းကို အချိန်ပိုမှာ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာသွင်းယူခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့ နောက်ပြန်ကန်ချက်သွင်းဂိုးဟာ အင်္ဂလန်ရဲ့အကောင်းဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးလို့ အသင်းခေါင်းဆောင် ဟာရီကိန်းက ပြောခဲ့ပါတယ်။

ဟာရီကိန်းက “ဘယ်လင်ဂမ်ဟာ ဒီပွဲမှာ အကောင်းဆုံး လုပ်နိုင်ခဲ့ပြီး သူ့ရဲ့သွင်းဂိုးကလည်း မယုံနိုင်စရာပါပဲ။ ဒီဂိုးက ကျနော်တို့နိုင်ငံရဲ့သမိုင်းမှာ အကောင်းဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးပါ။ သူဟာ အသင်းအတွက် အလွန်ကြိုးစားပါတယ်။ ကြီးမားတဲ့အခိုက်အတန့်မှာ သူလုပ်ခဲ့တဲ့အရာမျိုးကို ကျနော်တို့လိုအပ်ပါတယ်။ ကျနော်တို့ဟာ ဒီပွဲမှာ ပိုကောင်းအောင်လည်းလုပ်နိုင်ခဲ့သလို ပိုကောင်းအောင်လည်းကစားနိုင်ခဲ့ပါတယ်။ ကျနော်တို့ ဒီအရှိန်ကို လက်ကျန်ပွဲတွေမှာပါ ယူဆောင်နိုင်ဖို့မျှော်လင့်တယ်”လို့ ပြောခဲ့တာပါ။

အင်္ဂလန်အသင်းဟာ ဆလိုဗက်ကီးယားအသင်းနဲ့ ၁၆ သင်းအဆင့်ပွဲစဉ်မှာ ပွဲချိန်မိနစ် ၉၀ ပြည့်တဲ့အထိ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်နေခဲ့ပေမယ့် နာကျင်အချိန်ပို ၅ မိနစ်မှာ ဘယ်လင်ဂမ်ကအဖိုးတန် ချေပဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဟာရီကိန်းနဲ့ ဘယ်လင်ဂမ်ကို တွေ့ရစဉ်

အဲဒါကြောင့် ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျခဲ့လို့အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုမှာ ဟာရီကိန်းက အင်္ဂလန်အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။ အချိန်ပိုအပြီးမှာ အင်္ဂလန်အသင်းဟာ ဆလိုဗက်ကီးယားအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကလည်း ဒီပွဲမှာ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ဘယ်လင်ဂမ်ကို ပွဲအပြီးမှာ ချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်။

ဆောက်ဂိတ်က “ဘယ်လင်ဂမ်နဲ့ ဟာရီကိန်းတို့ဟာ ဒီလိုအခိုက်အတန့်တွေကို ဖန်တီးတက်ကြတာကြောင့် လူတွေက ကျနော့်ကို အပြောင်းအလဲပြုလုပ်ဖို့ ပြောပေမယ့် မလုပ်ခဲ့ပါဘူး။ ဘယ်လင်ဂမ်ဟာ ငယ်ရွယ်သေးပေမယ့် မယုံနိုင်လောက်တဲ့ သက်ရောက်မှုရှိတဲ့သူပါ။ သူဟာ ကြီးမားတဲ့ပွဲတွေကို ပြောင်းလဲသွားနိုင်တဲ့ အခိုက်အတန့်တွေကို ဖန်တီးနိုင်ပြီး ဒီပွဲမှာ ဒါကိုသူလုပ်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဇူလိုင် ၆ ရက်မှာဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:ESPN