CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၆

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်လို့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ ဟာရီကိန်းက အင်္ဂလန် အင်္ကျီနဲ့ တိုက်ပွဲထပ်ဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

ဟာရီကိန်းက “ကျနော်တို့ အလွန်ကြိုးစားပြီး မအောင်မြင်ခဲ့တဲ့အတွက် ကြေကွဲရပါတယ်။ ဒီပြိုင်ပွဲက ရှည်လျား ခက်ခဲတဲ့ ပြိုင်ပွဲဖြစ်ပြီး ဗိုလ်လုပွဲကို တက်နိုင်ခဲ့တဲ့အတွက် အသင်းဖော်တွေနဲ့ နည်းပြအဖွဲ့ဝင်တွေကို ဂုဏ်ယူပါ တယ်။ ကျနော်တို့ရဲ့ပစ်မှတ် ပျက်ပြယ်သွားခဲ့ပေမယ့် ကျနော်တို့ အမြဲတမ်း လုပ်ဆောင်နေတဲ့ အရာအတိုင်း လုပ်ဆောင်သွားမှာပါ။ ကျနော်ဟာ အင်္ဂလန်အင်္ကျီနဲ့ တိုက်ပွဲထပ်ဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ သူ့ရဲ့ ဆိုရှယ် မီဒီယာမှာ ရေးသားခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက် ၃ ဂိုး သွင်းယူပြီး ရွှေဖိနပ်ဆုကို အခြားကစားသမား ၅ ဦးနဲ့ ပူးတွဲရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဟာရီကိန်းဟာ အင်္ဂလန်အသင်းကို ယူရိုဗိုလ်လုပွဲ ၂ ကြိမ်ဆက် တက်နိုင်အောင် ကူညီပေးခဲ့ပေမယ့် ချန်ပီယံဆု ရရှိအောင်တော့ စွမ်းဆောင် ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ 

ဟာရီကိန်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပုံစံကောင်း ပျောက်ဆုံးခဲ့လို့ ဝေဖန်မှုတွေ ခံခဲ့ရပြီး အင်္ဂလန်အသင်းရဲ့ ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ လူစားလဲခြင်းကို ခံခဲ့ရတာပါ။

ဟာရီကိန်းကို တွေ့ရစဉ်

ဒါပေမယ့် ဟာရီကိန်းကတော့ အင်္ဂလန်အသင်းအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ 

ဟာရီကိန်းဟာ အင်္ဂလန်အသင်းအတွက် ၉၈ ပွဲ ကစားထားပြီး ၆၆ ဂိုးသွင်းယူကာ နိုင်ငံအသင်းရဲ့ ဂိုးသွင်း အများဆုံးကစားသမားအဖြစ် ထိပ်ဆုံးက ရပ်တည်နေတာပါ။ 

ဟာရီကိန်းဟာ ရာသီသစ်အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ မပူးပေါင်းခင် အားလပ်ရက်အနားယူဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဇူလိုင် ၂၄ ရက်က စတင်ကာ ရာသီကြို ခြေစမ်းပွဲစဉ်တွေ စတင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဘွန်ဒစ်လီဂါ အဖွင့်ပွဲစဉ်အဖြစ် ဝုလ်ဖ်ဘတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal