CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၃
ဘိုင်ယန်မြူးနစ်အသင်းက လိုက်ပ်ဇစ်အသင်းကို ၆ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘွန်ဒက်လီဂါရာသီသစ် အဖွင့် ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းက သူဟာ အသင်းဖော်သစ် လူးဝစ်ဒီယက်ဇ်နဲ့ ချက်ချင်း အတွဲအဖက်မိခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဟာရီကိန်းက “သူနဲ့တွဲပြီး အလုပ်လုပ်တာ ရက်သတ္တပတ် အနည်းငယ်ပဲ ရှိသေးပေမယ့် ကျနော်တို့မှာ ချက်ချင်း အတွဲအဖက်မိတဲ့ ချိတ်ဆက်မှု တစ်ခုရှိတယ်လို့ ခံစားရပါတယ်။ သူဟာ ဒီပွဲမှာ ကျနော့်အတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့သလို သူသွင်းယူခဲ့တဲ့ သွင်းဂိုးကလည်း အလွန်ကောင်းမွန်ပါတယ်”လို့ Sky TV ကို ပြောခဲ့တာပါ။
ဒီနွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ဂျာမန် စူပါဖလားပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သလို လိုက်ပ်ဇစ်အသင်းနဲ့ပွဲမှာလည်း ဂိုးသွင်း ယူနိုင်ခဲ့တာပါ။
ဒါအပြင် လူးဝစ်ဒီယက်ဇ်ဟာ ဟာရီကိန်း သွင်းယူခဲ့တဲ့ သွင်းဂိုး ၃ ဂိုးထဲက ၂ ဂိုးကို ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဟာရီကိန်းကို တွေ့ရစဉ်
ဟာရီကိန်းက ဒီပွဲမှာ တစ်သင်းလုံး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခဲ့ပြီး ကြီးမားတဲ့ စွမ်းဆောင်ရည်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
လိုက်ပ်ဇစ်အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ဟက်ထရစ်ဂိုးဟာ တိုက်စစ်မှူး ဟာရီကိန်းရဲ့ ကစားသမားဘဝ လိဂ်ပြိုင်ပွဲမှာ ၁၆ ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး ဒီထဲက ၈ ကြိမ်က ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရရှိခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီမှာ ဘွန်ဒက်လီဂါဖလားကို ဆက်ထိန်းသိမ်းဖို့နဲ့ ဆုဖလား အောင်မြင်မှု ပိုပြီး ရရှိဖို့ မျှော်လင့်ထားတယ်လို့လည်း ဟာရီကိန်းက ပြောခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်ထဲမှာ ဂျာမန်ပိုကယ်ဖလား ပထမအဆင့် ပွဲစဉ်အဖြစ် ဝီစ်ဘာဒန်အသင်းနဲ့ ယှဉ်ပြိုင်ပြီးရင် အော့စ်ဘတ်အသင်းနဲ့ လိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN