CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၃

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က လက်ရှိ အသင်းရဲ့စနစ်မှာ အသင်းခေါင်းဆောင် ဟာရီကိန်း၊ ကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့ ဖိုဒန်တို့ကို အတူတွဲပြီး ပွဲထွက် လူစာရင်းထဲ အသုံးပြုလို့ မရဘူးလို့ ပြောခဲ့ပါတယ်။ 

တူချယ်လ်က “အခုအချိန်မှာ ကျနော်တို့ဟာ ဒီဖွဲ့စည်းပုံကို ဆက်ထိန်းသိမ်း ချင်တယ်ဆိုရင် သူတို့ အတူတွဲပြီး ကစားလို့ မရပါဘူး။ သူတို့ အတူတွဲ ကစားနိုင်ပုံပေမယ့် ဒီဖွဲ့စည်းပုံထဲမှာတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဖွံ့ဖြိုး တိုးတက်လာတဲ့ ဟန်ချက်ညီမှုအတွက်ရော တောင်ပံကစားသမားတွေ ပါဝင်တဲ့ ဖွဲ့စည်းပုံအတွက်လည်း မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ရဲ့နေရာတွေမှာ ကျွမ်းကျင်တဲ့သူတွေပါ”လို့ talkSPORT ကို ပြောခဲ့တာပါ။ 

ရီးရယ်လ်အသင်းက ဘယ်လင်ဂမ်နဲ့ မန်စီးတီးအသင်းက ဖိုဒန်တို့ဟာ ဒီလထဲ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းလူစာရင်းထဲ ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ 

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က ဘယ်လင်ဂမ်နဲ့ အက်စတွန်ဗီလာအသင်းက မော်ဂန်ရော်ဂျာစ်တို့ဟာ နံပါတ် ၁၀ နေရာအတွက် ယှဉ်ပြိုင်ရမယ်လို့ ပြောခဲ့ပြီး ဖိုဒန်ကိုလည်း တောင်ပံ ကစားသမားအနေနဲ့ မမြင်ဘဲ နံပါတ် ၉ နဲ့ ၁၀ ရောနှောနေတဲ့ ကစားသမားအဖြစ် မြင်နေတာပါ။ 

တူချယ်လ်၊ ဖိုဒန်နဲ့ ဘယ်လင်ဂမ်တို့ကို တွေ့ရစဉ်

အင်္ဂလန်အသင်းဟာ နည်းပြ တူချယ်လ် လက်ထက်မှာ ၄-၃-၃ ကစားကွက်နဲ့ အဓိက ကစားနေပြီး အထောင် တိုက်စစ်မှူးအဖြစ် ဟာရီကိန်း၊ ညာတောင်ပံမှာ ဆာကာက ဦးစားပေး ရွေးချယ်မှုဖြစ်ပြီး ဘယ်တောင်ပံမှာတော့ ရက်ရှ်ဖို့ဒ် ဒါမှမဟုတ် ဂေါ်ဒွန်က ကစားရမှာ ဖြစ်ပါတယ်။

ဟာရီကိန်းရဲ့ အနောက်မှာ ကစားမယ့် နံပါတ် ၁၀ နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး နည်းပြ တူချယ်လ်က ဘယ်လင်ဂမ်၊ ဖိုဒန်၊ မော်ဂန်ရော်ဂျာစ်၊ ချယ်လ်ဆီးအသင်းက ကိုးလ်ပါလ်မာနဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းက မော်ဂန်ဂစ်ဘ်ဝှိုက်တို့ကို ဖော်ပြခဲ့ပါတယ်။ 

အာဆင်နယ်အသင်း ကြယ်ပွင့် အီဇီလည်း ဒီနေရာအတွက် ယှဉ်ပြိုင်နေတဲ့ သူတွေထဲက တစ်ဦးပါ။ 

အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နံပါတ် ၁၀ နေရာအတွက် ကစားသမား ၅ ဦးကို ရွေးချယ်သွားဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချရမှာဖြစ်ပေမယ့် အကောင်းဆုံးအရာတွေ ကို လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

Source: BBC