CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂

ဒတ်ချ်ဂန္ထဝင် ရုဒ်ဂူးလစ်က တစ်နိုင်ငံတည်းသားဖြစ်တဲ့ ဇက်ခ်ဇီကို ဘောလုံးပိုပြီး ကစားနိုင်ဖို့အတွက် ယူနိုက်တက် အသင်းကနေ ထွက်ခွာဖို့ တိုက်တွန်းမှု ပြုလုပ်ခဲ့ပါတယ်။ 

ရုဒ်ဂူးလစ်က “ယူနိုက်တက်ကနေ ထွက်သွားတဲ့သူတိုင်း ကောင်းမွန်စွာ ကစားနေကြပါတယ်။ ပြဿနာက ယူနိုက်တက် ဖြစ်နိုင်ပါတယ်။ ကျနော်ကတော့ သူဘောလုံး ပိုပြီးကစားနိုင်ဖို့အတွက် တခြားနေရာကို သွားဖို့ အကြံပေးပါတယ်။ အငှားနဲ့ပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် အီတလီကို ပြန်သွားတာက ကောင်းပါတယ်။ သူဟာ ကောင်းမွန်တဲ့ ကစားသမားပါ”လို့ Video Gamer မှာ ပြောခဲ့တာပါ။ 

ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ကြတဲ့ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ ဟော့ဂျ်လန်းတို့ဟာ ဘာစီလိုနာ၊ ဘက်တစ်နဲ့ နာပိုလီအသင်းတွေမှာ သွင်းဂိုးတွေသွင်းပြီး ခြေစွမ်းပြသနေကြပါတယ်။

ဒါ့ပြင် ဂါနာချိုကလည်း ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတွေသွင်းပြီး ဂိုးဖန်တီးမှုတွေ ပြုလုပ်ကာ အထင်ကြီးဖွယ် ကောင်းအောင် စွမ်းဆောင်ထားတာပါ။

ရုဒ်ဂူးလစ်ကို တွေ့ရစဉ်

တိုမီနေး ဆိုရင်လည်း နာပိုလီအသင်းကို စီးရီးအေဖလား ရယူပေးနိုင်ခဲ့ပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်နေပါတယ်။ 

အဲ့ဒါကြောင့် ရုဒ်ဂူးလစ်က ဇက်ခ်ဇီကို ဘောလုံးကစားနိုင်ဖို့အတွက် ဒီကစားသမားတွေရဲ့ ပုံစံအတိုင်း ပြုလုပ်ဖို့ တိုက်တွန်းကာ ယူနိုက်တက်အသင်းကို ပြဿနာလို့ တံဆိပ်ကပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ၇ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဇက်ခ်ဇီဟာ ဒီရာသီမှာ ပွဲကစားခွင့် ဆုံးရှုံး နေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်မယ့် နယ်သာလန်အသင်း လူစာရင်းထဲ ပါဝင်ချင်တယ်ဆိုရင် ပုံမှန်ပွဲကစားခွင့် ရဖို့ လိုအပ်နေတာပါ။ 

ဇက်ခ်ဇီဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေပြီး သူ့ကို ခေါ်ယူဖို့ စီးရီးအေ ထိပ်သီးတွေဖြစ်တဲ့ အေစီမီလန်နဲ့ ရိုးမားအသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။ 

Source: Goal