CNI Sport News
၂၀၂၆ ခုနှစ်၊ ဧပြီ ၂
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က သူ့ရဲ့ကမ္ဘာ့ဖလား လူစာရင်းမှာ မန်စီးတီးအသင်း ကြယ်ပွင့် ဖိုဒန်အတွက် နေရာ အာမခံချက် မရှိဘူးလို့ ပြောခဲ့ပါတယ်။
တူချယ်လ်က “ဖိုဒန် ပါဝင်လာမယ်လို့ အာမခံချက် မရှိပါဘူး။ သူဟာ မန်စီးတီးအသင်းမှာ ပွဲကစားချိန် အများကြီး မရခဲ့ပေမယ့် အတောက်ပဆုံး အပြုံးတွေနဲ့ လေ့ကျင့်ရေး စခန်းကို ရောက်လာခဲ့ပါတယ်။ လေ့ကျင့်ခန်း အစီအစဉ် တွေမှာလည်း သူကောင်းမွန်ခဲ့ပါတယ်။ သူက ကျနော်တို့ကို အံ့အားသင့်အောင်လုပ်ပြီး တူညီတဲ့ စိတ်အား ထက်သန်မှုတွေနဲ့ ကစားနိုင်မယ်လို့ ထင်ခဲ့ပေမယ့် အပြည့်အဝ လုပ်ပြဖို့ ရုန်းကန်ခဲ့ရတယ်”လို့ ပြောခဲ့တာပါ။
အသက် ၂၅ နှစ်အရွယ်ရှိ ဖိုဒန်ဟာ မန်စီးတီးအသင်း နောက်ဆုံးကစားခဲ့တဲ့ ၁၅ ပွဲမှာ ၄ ပွဲသာ ပွဲထွက်လူစာရင်း ပါဝင်ခဲ့ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒီဇင်ဘာ ၁၄ ရက်က နောက်ဆုံးသွင်းဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဖိုဒန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်း မထုတ်ပြန်မီ အင်္ဂလန်အသင်း နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲ ၂ ပွဲစလုံးမှာ ပွဲထွက်ခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့တာပါ။

အင်္ဂလန်အသင်းကို တွေ့ရစဉ်
ဂျပန်အသင်းကို အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင် ဟာရီကိန်း မပါဝင်တာကြောင့် ဖိုဒန်ဟာ false nine နေရာ ကစားခဲ့ရပေမယ့် ခြေစွမ်းပြသနိုင်ခြင်းမရှိတာ ဖြစ်ပါတယ်။
တူချယ်လ်ကတော့ ဖိုဒန်ဟာ လေ့ကျင့်ရေးမှာ အလွန်ကောင်းမွန်စွာ လုပ်နိုင်ခဲ့ပေမယ့် ဒါကို ကွင်းထဲမှာ ပြသနိုင်ဖို့ ရုန်းကန် နေရတယ်လို့ ဂျပန်အသင်းနဲ့ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းနည်းပြ တူချယ်လ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သူ့ရဲ့အပြီးသတ် လူစာရင်းကို မေလ ၃၀ ရက် မှာ ဖီဖာထံ တင်သွင်းရမှာပါ။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ဇွန်လထဲမှာ နယူးဇီလန်၊ ကော်စတာရီကာအသင်းတို့နဲ့ ခြေစမ်းပွဲ ကစားဖို့ရှိနေတာ ဖြစ်ပါတယ်။
Source: CNA
