CNI Sport News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၆
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့ ကွင်းလယ်လူဘယ်လင်ဂမ်ဟာ အင်္ဂလန်အသင်း လူစာရင်းမှာ အရေးပါတဲ့သူအဖြစ်ရှိနေဆဲလို့ နည်းပြတူချယ်လ်က ပြောခဲ့ပါတယ်။
တူချယ်လ်က “ဘယ်လင်ဂမ်က အရေးပါတဲ့ကစားသမားဖြစ်သလို ကြီးမားတဲ့ ကစားသမားပါ။ ကျနော်ဟာ ကစားသမားတွေအများကြီးနဲ့ စကားပြောသွားမှာဖြစ်ပြီး ဒီစခန်းသွင်းတဲ့အထဲမှာ မပါဝင်တဲ့သူတွေလည်း ပါဝင်ပါတယ်။ အခြားသူတွေနဲ့ အဆက်အသွယ်မပြတ်ဖို့ လိုပါတယ်။ လူတိုင်းက လူစာရင်းထဲပြန်လာဖို့စိတ်အားထက်သန်နေပြီး ကျနော်တို့နဲ့ ထိုက်တန်တဲ့သူတွေအများကြီးရှိပါတယ်”လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာနိုင်ငံတကာပွဲစဉ်တွေမှာ အင်္ဂလန်အသင်းလူစာရင်းထဲ ချန်လှပ်ခြင်း ခံခဲ့ရတဲ့ နာမည်ကြီးကစားသမားတွေထဲက တစ်ဦးပါ။
ဘယ်လင်ဂမ်ဟာ ပခုံးခွဲစိတ်မှုကနေ ပြန်လည်သက်သာလာပြီး ရီးရယ်လ်အသင်း အတွက် ပါဝင်ကစားနိုင်ခဲ့ပေမယ့် ပွဲချိန်မိနစ် ၉၀ ပြည့်ကစားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။
နည်းပြတူချယ်လ်နှင့် ဘယ်လင်ဂမ် ကို တွေ့ရစဉ်
အဲ့ဒါကြောင့်လည်း အင်္ဂလန်အသင်းနည်းပြ တူချယ်လ်က သူ့ကို လူစာရင်းထဲ ရွေးချယ်ခဲ့ခြင်းမရှိတာပါ။
အင်္ဂလန်အသင်းနည်းပြတူချယ်လ်ဟာ လာမယ့်နိုဝင်ဘာမှာကစားမယ့် ဆားဘီးယား၊အယ်လ်ဘေးနီးယားအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်မီ ဘယ်လင်ဂမ်နဲ့ စကားပြောဆိုမှုတွေပြုလုပ်သွားမှာဖြစ်ပြီး သူ့ကိုလူစာရင်းထဲ ပြန်လည်ရွေးချယ် သွားဖွယ် လည်း ရှိနေပါတယ်။
အင်္ဂလန်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အသင်းအနေနဲ့ ဘယ်လင်ဂမ်၊ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့မပါဝင်ဘဲ ကမ္ဘာ့ဖလား ချန်ပီယံဆုကိုရယူနိုင်ဖို့ အခွင့်အရေးမရှိဘူးလို့ ပြောထားတာပါ။
ဖိုဒန်နဲ့ ဂရီလစ်ရှ်တို့ဟာ ဒီရာသီ အဲဗာတန်နဲ့ မန်စီးတီးအသင်းတို့မှာ ခြေစွမ်းပြသနေပေမယ့် နည်းပြတူချယ်လ်က သူတို့ကို အင်္ဂလန်အသင်း လူစာရင်းထဲမှာ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။