CNI Sport News
၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၁၆
ရီးရယ်လ်အသင်းမှာကစားခဲ့ချိန်က တစ်နှစ်ကို လုပ်ခလစာ ပေါင်၂၉သန်းနီးပါးအထိ ရရှိခဲ့တဲ့ ဝေးလ်စ်ကစားသမားဟောင်း ဂါရတ်ဘေးလ် က ဒေဝါလီခံရမှာကို စိုးရိမ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဂါရတ်ဘေးလ်က “ကျနော့်ရဲ့စိတ်ထဲမှာ အမြဲတမ်းကြောက်လန့်နေတဲ့ အရာတစ်ခုရှိပါတယ်။ ပရောဖက်ရှင်နယ်ကစားသမားတွေဟာ သူတို့ရဲ့ကစားသမားဘ၀ ပြီးဆုံးသွားတဲ့အချိန်မှာ ဒေဝါလီခံရတဲ့ သတင်းတွေကို ဖတ်ခဲ့ရပါတယ်။ သူတို့ဟာ ငွေတွေကို ဘယ်လိုစီမံရမလဲ ဆိုတာမသိသလို ဘာတွေလုပ်ရမလဲဆိုတာကိုလည်း မသိကြပါဘူး။ အားကစားသမားအများအပြားဟာ ခမ်းနားထည်ဝါတဲ့ လူနေမှုပုံစံ နဲ့နေကြတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်ကတော့ အဲ့ဒီလိုမလုပ်ဖို့ကြိုးစားပြီး ဘောလုံးသမားဘဝ အလွန်မှာ ဖြစ်လာမယ့်အရာတွေကို အမြဲတမ်းကြည့်နေခဲ့တာပါ”လို့ Front Office Sports နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
စပါးနဲ့ရီးရယ်လ်အသင်းကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။
အားကစားသမားအများအပြားဟာ ကစားသမားဘ၀ ပြီးဆုံးသွားချိန်မှာ သူတို့ပိုင်ဆိုင်တဲ့အရာတွေကို ဆုံးရှုံးပြီး ဒေဝါလီခံခဲ့ရတာတွေကြောင့် ဂါရတ်ဘေးလ်က ဒီလိုဖြစ်လာမှာကို စိုးရိမ်ပြီး ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ပါတယ်။
ဂါရတ်ဘေးလ် ကို တွေ့ရစဉ်
၂၀၁၆ ခုနှစ်က ရီးရယ်လ်အသင်းနဲ့ ပေါင်သန်း၁၅၀တန်ကြေးရှိ ၆နှစ်စာချုပ်ချုပ်ခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ဥရောပရဲ့အချမ်းသာဆုံးကစား သမားတွေထဲက တစ်ဦးအဖြစ်လည်း ရှိခဲ့တာပါ။
ဂါရတ်ဘေးလ်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက် ကာဒစ်ဖ်မှာ စီးပွားရေးလုပ်ငန်းအများအပြားကို လုပ်ခဲ့ပြီး ကာဒစ်စီးတီးအသင်းကို ဝယ်ယူဖို့ ကြိုးပမ်းမှုမှာလည်း ပါဝင်ခဲ့ပါတယ်။
ဂါရတ်ဘေးလ်ဟာ TNT Sports မှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်ပြုလုပ်ခဲ့သလို BMW နဲ့လည်း စပွန်စာစာချုပ်ရှိနေတာပါ။
ဂါရတ်ဘေးလ်ဟာ ရီးရယ်လ်အသင်းမှာ ကစားခဲ့ချိန်က ချန်ပီယံလိဂ်ဖလား ၅ ကြိမ်အပါအဝင် ဆုဖလားအများအပြားရယူနိုင်ခဲ့သလို မေဂျာလိဂ်ကလပ် LAFC အသင်းမှာလည်း မေဂျာလိဂ်ဖလားနဲ့ Supporters' Shield တို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။