CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၅

ဝေးလ်စ် အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က  ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် နာကျင်ရပေမယ့် သူတို့ ကို အနိုင်ရခဲ့ရင် တောင်းပန်မှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ယူကရိန်းနဲ့ ဝေးလ်စ် အသင်းတို့ဟာ ဥရောပဇုန်က ကမ္ဘာ့ဖလားဝင်ခွင့် လက်ကျန် တစ်နေရာအတွက် ပလေးအော့ဖ် ဗိုလ်လုပွဲ အဖြစ် ဒီနေ့ည ကာဒစ်ဖ်မှာ ယှဉ်ပြိုင်ကြမှာပါ။ ဒီပွဲမှာ ဝေးလ်စ်အသင်း အနိုင်ရခဲ့ရင် ယူကရိန်း ကစားသမားတွေကို တောင်းပန်မှာလားလို့ ဂါရတ်ဘေးလ် မေးမြန်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဂါရတ်ဘေးလ် က "တောင်းပန်သွားမှာ မဟုတ်ပါဘူး။ ဒါက ဘောလုံးပွဲ တစ်ပွဲဖြစ်ပြီး ကျနော်တို့လည်း အနိုင်ရချင်တဲ့ ပွဲပါ။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက ယူကရိန်းအတွက် ခံစားနေရပါတယ်။ ယူကရိန်းအတွက် ဘာတွေ လုပ်ပေးမယ်ဆိုတာ ကျနော် တို့ နားလည်ပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ကမ္ဘာ့ဖလား သွားချင်တာပါပဲ"လို့ ပြောပါတယ်။

ယူကရိန်းအသင်း ပရိသတ်များ (The Sun)

ဝေးလ်စ် အသင်းဟာ ၆၄ နှစ်အကြာမှ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ယူကရိန်း ကွင်းလယ်ကစားသမား ကာရာဗေ့စ် ကတော့ သူတို့ မိသားစုဟာ ဒီပွဲကို ကြည့်ရှုနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကာရာဗေ့စ် က "သူတို့ ဆီမှာ အင်တာနက် မရှိဘူး။ ဒါပေမယ့် မက်စ်ဆေ့ခ်ျ ကနေ ဆက်သွယ်ကြပါတယ်။ အားကစားက အားကစားပါပဲ။ အဲ့ဒါကြောင့် ဝေးလ်စ် ဆီကနေ လက်ဆောင်တွေ ဒါမှမဟုတ် တရားမမျှတတဲ့ နိုင်ပွဲတွေရဖို့ မမျှော်လင့်ထား ဘူး"လို့ ပြောခဲ့ပါတယ်။

Source: The Sun