CNI Sport News
၂၀၂၂ ခုနှစ်၊ မေလ ၂၉
 
ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် မေလ ၂၉ ရက် မနက်ပိုင်းက ရီးရယ်လ် အသင်းနဲ့ လီဗာပူးလ် အသင်းတို့ ကစားခဲ့တာမှာ ရီးရယ်လ် အသင်းက ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူသွားနိုင်ခဲ့ပါတယ်။
ဒီပွဲရဲ့ပထမပိုင်းမှာ လီဗာပူးလ် အသင်းက ရီးရယ်လ် အသင်းဘက်ကို အသာစီးရယူပြီး ဖိကစားကာ ဂိုးပေါက်ခြိမ်းခြောက်မှု အများအပြား ပြုလုပ်နိုင်ခဲ့တာပါ။
 
ဒါပေမယ့် ရီးရယ်လ် ဂိုးသမား ကော့တွိုက်စ် လက်စွမ်းပြနေတာကြောင့် လီဗာပူးလ် အသင်းဂိုးရဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာတော့ ရီးရယ်လ်အသင်း ဂိုးရခဲ့ပေမယ့် ဘန်ဇီမာ ကန်သွင်းတာမှာ လူကျွံနေခဲ့လို့ လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ ဒုတိယပိုင်းမှာလည်း လီဗာပူးလ် အသင်းက ဂိုးရရှိဖို့ ပိုပြီး တိုက်စစ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
 
ဒါပေမယ့် ရီးရယ်လ် ခံစစ်ကို ဖြတ်ကျော်ဖို့ ခက်ခဲနေခဲ့တာပါ။လီဗာပူးလ် အသင်း ဖိကစားနေရင်းနဲ့ ဂိုးရရှိသွားတာက ရီးရယ်လ် အသင်းဖြစ်ခဲ့ပါတယ်။ ဒီဂိုးကို ဗယ်လ်ဗာဒီ ညာခြမ်းကနေ ခင်းပေးလိုက်တာကို ဗီနီစီးယက်စ် က သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
 
လီဗာပူးလ် အသင်းဟာ ချေပဂိုးရဖို့ ဂျိုတာ၊ဖာမီနို တို့ကိုပါ ထည့်သွင်းပြီး ပိုမိုတိုက်စစ်ဆင်လာခဲ့တာပါ။ ဒါပေမယ့်လည်း ကော့တွိုက်စ် ကို ကျော်ပြီး ရီးရယ်လ် အသင်းဂိုးပေါက်ထဲ ရောက်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
 
ကော့တွိုက်စ် ဟာ ဒီပွဲမှာ လီဗာပူးလ်ရဲ့ဂိုးကန်သွင်းမှု ၉ ကြိမ်ကို ကာကွယ်နိုင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းကတော့ ဒီပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် ၂၀၁၈ က ရှုံးကြွေးကို မဆပ်နိုင်ခဲ့ဘဲ နောက်ထပ် ရှုံးကြွေးပါ ထပ်တင်ခဲ့တာဖြစ်ပါတယ်။