CNI Sport News

၂၀၂၂ ခုနှစ်၊ မေလ ၃၀

နော်တင်ဟမ်ဖောရတ်စ် အသင်းဟာ ဟတ်ဒါဖီးစ်အသင်းကို အနိုင်ရပြီး ၂၃ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ကို တန်းပြန် တက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ဖို့ ကျန်ရှိတဲ့ လက်ကျန် တစ်နေရာအတွက် ကစားခဲ့တဲ့ ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲ မှာ နော်တင်ဟမ်ဖောရတ်စ် အသင်းဟာ ဟတ်ဒါဖီးစ် အသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရရှိခဲ့တာပါ။

နော်တင်ဟမ်ဖောရတ်စ် အသင်းရဲ့ ဒီနိုင်ပွဲဟာ ပေါင်သန်း ၁၇၀ တန်ကြေး ရှိခဲ့တာလည်း ဖြစ်ပါတယ်။ နော်တင်ဟမ် ဖောရတ်စ် အသင်းဟာ ရာသီအစ ၇ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့အတွက် ခရစ်ဟောက်တန်ကို ထုတ်ပယ်ကာ ကူပါးကို နည်းပြ အဖြစ် ခန့်အပ်ခဲ့တာပါ။

နော်တင်ဟမ်ဖောရတ်စ် အသင်းဟာ နည်းပြ အပြောင်းအလဲကြောင့် ရလဒ်တွေကောင်းမွန်ခဲ့ပြီး တန်းတက်နိုင်ခဲ့တာ ဖြစ် ပါတယ်။
ဟတ်ဒါဖိးစ် အသင်းဟာ ဒီပွဲမှာ ပင်နယ်တီ ရရှိနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ဒိုင်လူကြီးက မပေးခဲ့တဲ့အတွက် နစ်နာခဲ့ရတာပါ။

နော်တင်ဟမ်ဖော်ရတ်စ် ပရိသတ်များ (SI)

နော်တင်ဟမ်ဖောရတ်စ် အသင်းဟာ အက်ဖ်အေဖလားမှာ အာဆင်နယ်နဲ့ လက်စတာ အသင်းတို့ကို အနိုင်ရခဲ့ပြီး လီဗာပူးလ် အသင်းကို ၁ ဂိုး- ဂိုး မရှိနဲ့သာ အရေးနိမ့်ခဲ့တဲ့အထိ ခြေစွမ်းပိုင်း ကောင်းမွန်လာခဲ့တာ ဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရတ်စ် အသင်းဟာ ဥရောပဖလားကို ၂ ကြိမ် ရယူထားတာပါ။

အဲ့ဒါကြောင့် လာမယ့်ရာသီ ပရီးမီးယားလိဂ်ဟာ ချန်ပီယံလိဂ်ရတဲ့ အသင်းတွေအားလုံး စုံသွားခဲ့တာဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရတ်စ် အသင်း ပိုင်ရှင်ရဲ့ သားဖြစ်သူကတော့ အသင်းအတွက် ငွေကြေးသုံး စွဲသွားမယ်လို့ ပြောခဲ့ပါတယ်။

မီလ်တီအာဒီစ် က “ ကျနော်တို့ဟာ ရာသီရဲ့ ပထမပွဲ ၈ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး နည်းပြပြောင်းလဲ ခဲ့ရပါတယ်။ အခုတော့ မယုံနိုင်လောက်အောင် ခံစားနေရပါတယ်။ ဒီကို ရောက်လာပြီး အသင်းကို အရာအားလုံး ပြောင်းလဲပေးခဲ့တဲ့ ကူပါးကို ကျေးဇူးတင် ပါတယ်။ သူဟာ မယုံနိုင်စရာကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တာပါ။ ကစားသမားတွေကိုလည်း ကျေးဇူးတင်ပြီး ဒီရာသီ သူတို့ရဲ့ စွမ်းဆောင်ရည် ပိုကောင်း လာခဲ့ပါတယ်။ ကျနော့်အဖေက မန်နေဂျာအလိုရှိတဲ့ အရာတိုင်းကို ပံ့ပိုးဖို့ အသင့် ရှိနေပါတယ်။ ခရီးက အခုမှ စတာပါ။ အင်္ဂလန်မှာရှိတဲ့ လူတိုင်းနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အသင်းကို တည်ဆောက်ဖို့ ရင်းနှီးမြုပ်နှံပြီး ကစားသမားတွေကို ဝယ်ယူသွားမှာပါ”လို့ ဂိုးလ်ကွန်းကို ပြောခဲ့တာပါ။

လာမယ့်နှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို နော်တင်ဟမ် ဖောရတ်စ်နဲ့အတူ ချန်ပီယံရှစ်ကနေ ဖူလ်ဟမ်၊ ဘုန်းမောက် တို့ တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ဘန်လေ၊ ဝက်ဖို့ဒ်နဲ့ နောဝစ်ချ်တို့ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။

Source: BBC/Goal