CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉

အာဆင်နယ်အသင်း တောင်ပံကစားသမား မာတင်နယ်လီက ပရီးမီးယားလိဂ် ဆုဖလားကို ရယူနိုင်ဖို့ အိမ်မက် မက်နေတယ်လို့ ပြောလိုက်ပါတယ်။

မာတင်နယ်လီက “ကျနော် ဆုဖလားတွေ ရယူချင်တယ်၊ ချန်ပီယံဖြစ်ချင်တယ်။ ကလပ်အသင်း၊ ပရိသတ်တွေနဲ့ ကျနော်တို့မှာရှိတဲ့ ကစားသမားတွေဟာ တစ်ခုခု အနိုင်ရဖို့ ထိုက်တန်တယ်လို့ ကျနော်ထင်ပါတယ်။ ပရီးမီးယား လိဂ်နဲ့ ချန်ပီယံလိဂ် ရဖို့က ကျနော့် အိမ်မက်ပါပဲ။ ဒါကို ကျနော် အိမ်မက် မက်နေပေမယ့် ကျနော်တို့ဟာ စွမ်း ဆောင်ရည်ကို ဆက်ပြီး ထိန်းသိမ်းရပါမယ်။ ပွဲတိုင်းကို အနိုင်ယူချင်တဲ့ စိတ်နဲ့ ဆက်သွားရမယ်”လို့ The Player’s Tribune ကို ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခြေစွမ်း တသမတ်တည်းနဲ့ ဖြတ်သန်းနေတာဖြစ်ပြီး ရှုံးပွဲ ၁ ပွဲနဲ့ သရေပွဲ ၁ ပွဲသာ ရှိခဲ့တာ ဖြစ်ပါတယ်။ လန်ဒန်ကလပ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒုတိယနေရာက မန်စီးတီးအသင်းကို ၅ မှတ်ဖြတ်ပြီး အမှတ်ပေးဇယား ထိပ်ဆုံး နေရာမှာ ဦးဆောင်နေတာပါ။

အာဆင်နယ်ကစားသမား မာတင်နယ်လီကို တွေ့ရစဉ်(Football365)

မာတင်နယ်လီဟာ ဒီရာသီ အာဆင်နယ်အသင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည် နိုင်အောင် အဓိက စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

မာတင်နယ်လီဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် ၅ ဂိုး သွင်းယူထားပြီး စွမ်းဆောင်ရည် ကောင်းတွေကို ပြသထားတာပါ။ ဒါကြောင့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မာတင်နယ်လီ ပါဝင်တဲ့ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားအသင်းနဲ့ နိုဝင်ဘာလ ၂၄ ရက်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Source: Metro