CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉

စပိန်အသင်းနည်းပြ လူးဝစ်အင်းနရစ်က ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဆုကို စပိန်အသင်း မရခဲ့ဘူးဆိုရင် မက်ဆီ ပါဝင်တဲ့ အာဂျင်တီးနားနဲ့ ဆွာရက်စ်ပါဝင်တဲ့ ဥရုဂွေးကို ရစေချင်တယ်လို့ ပြောလိုက်ပါတယ်။

လူးဝစ်အင်းနရစ်က “ကျနော်တို့ ကမ္ဘာ့ဖလားကို မရခဲ့ဘူးဆိုရင် အာဂျင်တီးနားကို ရစေချင်ပါတယ်။ မက်ဆီလို ကောင်းမွန်တဲ့ ကစားသမားတစ်ဦးက ကမ္ဘာ့ဖလားမရပဲ အနားယူ ရမယ်ဆိုတာက မျှတမှုမရှိပါဘူး။ ပြီးတော့ ဆွာရက်စ် ပါဝင်တဲ့ ဥရုဂွေးကိုလည်း ရစေချင်တယ်”လို့ ပြောခဲ့တာပါ။

လူးဝစ်အင်းနရစ်ဟာ မက်ဆီနဲ့ ဆွာရက်စ်ကို ၂၀၁၄ ကနေ ၂၀၁၇ အထိ ဘာစီလိုနာအသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ဆုဖလားအောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလားဟာ မက်ဆီနဲ့ ဆွာရက်စ်တို့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ ချန်ပီယံ ဆု ရယူနိုင်ဖို့ စိတ်ဆန္ဒ ပြင်းပြနေကြတာပါ။

လူးဝစ်အင်းနရစ်နဲ့ စပိန်အသင်းကိုတွေ့ရစဉ်

လူးဝစ်အင်းနရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် စပိန်အသင်း လူစာရင်းမှာ အတွေ့အကြုံ နည်းပါးတဲ့ ကစားသမား တွေ ရွေးချယ်ထားပေမယ့် ဘယ်အသင်းကိုမှ ကြောက်နေမှာ မဟုတ်သလို အောင်မြင်မှု ရယူနိုင်ဖို့ မျှော်လင့် ထား တယ်လို့ ပြောခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ လူငယ်တွေနဲ့ပတ်သက်ပြီး ကျနော်စိတ်ပူခြင်း မရှိပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်က အုပ်စုထိပ်ဆုံးမှာ ရပ်တည်နိုင်ဖို့ပါ။ ၁၆ သင်းအဆင့်မှာလည်း ဘယ်အသင်းနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကျနော်တို့ သိပြီးသားပါ။ ဆီမီးဖိုင်နယ်မှာဆိုရင် ဘရာဇီးလ်အုပ်စုထဲက တစ်သင်းသင်းနဲ့ ကစားရမှာပါ။ ဘယ်အသင်းကိုမှ ကြောက်နေမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။

စပိန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ၊ ဂျပန်၊ ကော်စတာရီကာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ကော်စတာရီအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA