CNI Sport News

၂၀၂၆ ခုနှစ်၊ ဧပြီ ၈

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဝေးကွင်းပွဲမှာ စပို့တင်းလစ္စဘွန်း အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်က အသင်းဟာ ဆုဖလားကြီးတွေ ရယူဖို့ အသင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ 

ကိုင်ဟာဗက်ဇ်က “ကျနော်တို့ဟာ နောက်ဆုံး ၂ ပွဲ အရေးနိမ့်ခဲ့တာကြောင့် ဒါဟာ ကျနော်တို့အတွက် ကြီးမားတဲ့ အလှည့်အပြောင်း တစ်ခုပါပဲ။ ကျနော်တို့ဟာ ဒီလိုမျိုးဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ အတူတကွ ရှိနေ ကြပြီး ဆုဖလားကြီးတွေကို ရယူနိုင်ပါတယ်။ ဒီလိုဖြစ်အောင်လည်း ကျနော်တို့ ကြိုးစားလုပ်ဆောင်သွားမှာပါ”လို့ ပြောခဲ့တာပါ။ 

ဒီပွဲရဲ့ဒုတိယပိုင်းမှာ လူစားလဲ ဝင်ရောက်လာခဲ့တဲ့ ကိုင်ဟာဗက်ဇ်ဟာ မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်း အချိန်ပိုမှာ အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမတိုင်မီ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲမှာ မန်စီးတီးအသင်းကို ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့သလို FA ဖလား ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်အသင်းကို အရေးနိမ့်ခဲ့ပါတယ်။ 

အဲ့ဒါကြောင့် အာဆင်နယ်အသင်း ဒီရာသီမှာ ဆုဖလား ၄ လုံး ရယူနိုင်ဖို့ ပြောနေမှုတွေဟာ အဆုံးသတ် သွားခဲ့တာပါ။ 

အာဆင်နယ်အသင်းကို တွေ့ရစဉ် 

ဒါပေမယ့် စပို့တင်းလစ္စဘွန်းအသင်းကို အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီ ဥရောပပြိုင်ပွဲမှာ ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းသိမ်းနိုင်ခဲ့သလို ၂ ရာသီဆက်တိုက် ဆီမီးဖိုင်နယ်တက်ဖို့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးနေရာကနေ ၉ မှတ်ဖြတ်ပြီး ဦးဆောင်ထားတာကြောင့် ကိုင်ဟာဗက်ဇ်က သူတို့ဟာ ဆုဖလားကြီးတွေ ရယူနိုင်တယ်လို့ ပြောလာခဲ့တာပါ။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ခက်ခဲတဲ့ ကာလတစ်ခုအပြီးမှာ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကို ပြန်လည် ရှာဖွေနိုင်ခဲ့တဲ့ အသင်းကို ချီးကျူးခဲ့ပါတယ်။ 

ဒီပွဲမှာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ဂိုးသွင်းခွင့်တွေကို ကာကွယ်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်း ဂိုးသမား ဒေးဗစ် ရေယာဟာ အသင်းဖော်တွေ၊ ပြိုင်ဘက်အသင်း နည်းပြရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့ပါတယ်။

ဒေးဗစ်ရေယာဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ 

Source: ESPN