CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅

ရော်နယ်ဒိုဟာ သူ့ရဲ့ ကြံ့ခိုင်မှုပိုင်းကို ထိန်းသိမ်း နိုင်ဖို့အတွက် အသင်းဟောင်း ရီးရယ်လ်မက်ဒရစ် ရဲ့ လေ့ကျင့်ရေးစခန်းကို အသုံးပြုနေတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့တာကြောင့် ဇန်နဝါရီ ၁ ရက်မှာ နောက်ထပ် အသင်းကို အလွတ်နဲ့ ပြောင်းရွှေ့လို့ရမှာပါ။

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒိုကို ငွေကြေး အများအပြားနဲ့ ကြီးမားတဲ့ ကမ်းလှမ်း မှု ပြုလုပ်ထားပေမယ့် ကစားသမားအနေနဲ့ နောက်ထပ် ရွေးချယ်စရာတွေ ရှိနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ရီးရယ်လ်အသင်းရဲ့ ဗယ်လ်ဒီဘီဘာစ် လေ့ကျင့်ရေးစခန်းမှာ တစ်ဦးတည်း လေ့ကျင့်မှု တွေ ပြုလုပ်နေတာဖြစ်ပြီး စပိန်ကလပ်ကို ပြန်ဖို့ ရွေးချယ်ခွင့် မရှိဘူးလို့ သိရပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်နဲ့ ရော်နယ်ဒိုကိုတွေ့ရစဉ် (Football365)

အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ ပီယာစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ယူနိုက်တက် အသင်းကို ဝေဖန်ခဲ့ပြီး နည်းပြ အဲရစ်တန်ဟတ်ကို လေးစားမှုမရှိဘူးလို့ ပြောခဲ့တာကြောင့် အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။

ရော်နယ်ဒိုဟာဆိုရင် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဖွင့်ပွဲ ၃ ပွဲစလုံးမှာ ပွဲထွက်ခွင့်ရခဲ့ပြီး ၁ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာပါ။

ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် ရော်နယ်ဒိုဟာ သူ့အိပ်မက်တွေ အဆုံးသတ် သွားခဲ့ပြီလို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ် (Football Today)

လက်ရှိအချိန်မှာတော့ ရော်နယ်ဒိုဟာ အနားယူခြင်းမရှိဘဲ ရီးရယ်လ်အသင်းရဲ့ လေ့ကျင့်ရေးစခန်းကို အသုံးပြုနေပြီး ကလပ်အသင်းသစ်အတွက် အဆင်သင့် ဖြစ်နေအောင် ပြင်ဆင်နေပါတယ်။

ရီးရယ်လ်အသင်းကတော့ ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူမှာ မဟုတ်ဘဲ လေ့ကျင့်မှု အဆင်ပြေစေဖို့ အတွက် လုပ်ဆောင်ပေး ထားတယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာဆိုရင် ရီးရယ်လ်အသင်းမှာ ၄၃၈ ပွဲ ကစားခဲ့ပြီး ၄၅၀ ဂိုးသွင်းယူကာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ် အပါအဝင် ဆုဖလားအောင်မြင်မှု အများအပြားကို ရယူနိုင်ခဲ့တာပါ။ ပေါ်တူဂီကစားသမားဟာ ၂၀၁၈ မှာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီး ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ ပါတယ်။

အဲဒီနောက် ၂၀၂၁ မှာတော့ အသင်းဟောင်း ယူနိုက်တက်ကို ပြန်ရောက်လာခဲ့ပြီး ၅၄ ပွဲကစားကာ ၂၇ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: BBC