CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
တာလာဗီရာအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဖလားပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့တဲ့ ဘတ်ပီဟာ ပြက္ခဒိန် နှစ်အတွင်း ရီးရယ်လ်အသင်းအတွက် ဂိုးအများဆုံး သွင်းယူထားတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ စံချိန်ကိုလိုက်မီဖို့ ၁ ဂိုးသာ လိုအပ်တော့ပါတယ်။
ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ဘတ်ပီဟာ ၂၀၂၅ ခုနှစ်ထဲမှာ ရီးရယ်လ်အသင်းအတွက် ၅၈ ဂိုးအထိ သွင်းယူထားပါ။
ရော်နယ်လ်ဒိုဟာ ၂၀၁၃ ခုနှစ်မှာ ရီးရယ်လ်အသင်းအတွက် ၅၉ ဂိုးသွင်းယူခဲ့ပြီး ဒါက ကလပ်အသင်းရဲ့ စံချိန်ဖြစ် ခဲ့ပါတယ်။
အခုအချိန်မှာ ဘတ်ပီဟာ ရော်နယ်လ်ဒိုရဲ့ စံချိန်ကို လိုက်မီဖို့ ၁ ဂိုးသာ လိုတော့သလို ကျော်ဖြတ်ပြီး စံချိန်သစ် တင်နိုင်ဖို့လည်း အခွင့်အရေး ရှိလာခဲ့ပါတယ်။
ရီးရယ်လ်အသင်းနည်းပြ အလွန်ဆိုက “ဘတ်ပီဟာ သူ့ရဲ့ သွင်းဂိုးတွေနဲ့ အဆုံးအဖြတ် ပေးနိုင်ခဲ့ပါတယ်။ သူ့မှာ ဂိုးသွင်းနိုင်စွမ်း အမြဲတမ်းရှိပြီး သူသွင်းယူခဲ့တဲ့ တတိယဂိုးက အလွန် အရေးပါခဲ့ပါတယ်။ အဲ့ဒါကြောင့် ကျနော်တို့ သူ့ကို ကွင်းထဲမှာ ဆက်ပြီးထားခဲ့တာပါ”လို့ ဘတ်ပီကို ပွဲချိန်ပြည့် အသုံးပြုခဲ့တဲ့အပေါ် ပြောခဲ့ပါတယ်။

ဘတ်ပီကို တွေ့ရစဉ်
ရီးရယ်လ်အသင်းနည်းပြ အလွန်ဆိုဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ အလာဗတ်အသင်းနဲ့ လာလီဂါပွဲစဉ်က ပွဲထွက်လူစာရင်းကို ၁၀ ဦးအထိ ပြောင်းလဲပြီး အသုံးပြုခဲ့ကာ ဘယ်လင်ဂမ်၊ ချူအာမန်နီနဲ့ ရိုဒရီဂိုတို့ကို လူစားဝင်အဖြစ်သာ ပါဝင် ကစားစေခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီပွဲရဲ့ ပွဲပြီးကာနီးမှာ တတိယတန်းကလပ် တာလာဗီရာအသင်းကို ချေပဂိုးတွေ ပြန်ပေးခဲ့ ရပေမယ့် အနိုင်ရလဒ်ကို ထိန်းနိုင်ခဲ့တာကြောင့် ကိုပါဒယ်ရေးဖလား ၁၆ သင်းအဆင့်ကို တက်နိုင်ခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် ပြိုင်ပွဲစုံ ၂ ပွဲဆက် နိုင်ပွဲပြန်ရခဲ့ပေမယ့် နည်းပြအလွန်ဆိုက အသင်းဟာ တည်ငြိမ်မှုရှိဖို့ လိုအပ်ပြီး ပွဲချိန်တစ်လျှောက်လုံး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နဲ့ ပွဲကိုအဆုံးသတ်ကာ ပိုရင့်ကျက် လာရမယ်လို့ ပြောခဲ့ပါတယ်။
ရီးရယ်လ်အသင်းဟာ ၂၀၂၅ ခုနှစ်ထဲမှာ နောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ ၂၀ ရက်မှာ ဆီဗီလာအသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
