CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇

ရီးရယ်လ်အသင်း ကစားသမားသစ်အဖြစ် ပရိသတ် ၈ သောင်းကျော်အရှေ့မှာ တရားဝင် မိတ်ဆက်ခံခဲ့ရပြီဖြစ်တဲ့ ဘတ်ပီက အသင်းအတွက် အရာအားလုံးကို ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဘတ်ပီက “ရီးရယ်လ်မှာကစားဖို့ နှစ်ပေါင်းများစွာ အိပ်မက် မက်ခဲ့ရပြီး အခုတော့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာပါပြီ။ ရီးရယ်လ်အသင်းထံ ကျနော်ရောက်ရှိဖို့ ကြိုးစားပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ချင်ပါ တယ်။ ကျနော်ဟာ ငယ်ငယ်လေးကတည်းက ဒီမှာကစားဖို့ အိပ်မက်ရှိခဲ့တာပါ။ ဒီမှာရှိနေရတာက ကျနော့် အတွက် အများကြီး အဓိပ္ပါယ်ရှိပြီး အခုအချိန်မှာ နောက်ထပ် အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ချင်ပါ တယ်။ ဒီကလပ်နဲ့ တံဆိပ်အတွက် ကျနော်အရာအားလုံးကို ပေးသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ရီးရယ်လ် အသင်းထံ ၅ နှစ် စာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ဘတ်ပီကို ခေါ်ယူဖို့ ၂၀၁၇ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ နီးစပ်ခဲ့ပေမယ့် ကစားသမားက ပီအက်စ်ဂျီ အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမယ့် ဘတ်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ သူငယ်ငယ်လေးကတည်းက ကစားချင်တဲ့ ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ 

ဘတ်ပီကို တွေ့ရစဉ်

ဘတ်ပီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအုပ်စု အဖွင့်ပွဲစဉ်ဖြစ်တဲ့ သြစတြီးယားအသင်းနဲ့ ပွဲစဉ်မှာ နှာခေါင်းရိုး ကျိုးခဲ့တာကို ရီးရယ်လ်အသင်း ဆရာဝန်တွေက စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဘတ်ပီက သြဂုတ် ၁၄ ရက်မှာ ယှဉ်ပြိုင်မယ့် ဥရောပစူပါဖလားပွဲစဉ်မှာ ရီးရယ်လ်အသင်းအတွက် ပါဝင်ကစားချင် တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဘတ်ပီက “ကျနော်တို့ဟာ ဆေးအဖွဲ့နဲ့ စကားပြောဆိုခဲ့ပြီး အတူတူ လုပ်ဆောင်သွားကြမှာပါ။ စူပါဖလားပွဲစဉ်မှာ ပါဝင်ကစားဖို့ ကျနော်မျှော်လင့်ထားပေမယ့် နည်းပြအပေါ်မှာ မူတည်ပါတယ်။ ကျနော်ကတော့ အသင်းကို အကူအညီပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ ပြောခဲ့တာပါ။

ရီးရယ်လ်အသင်းဟာ ဒီလ အကုန်ပိုင်းမှာ အေစီမီလန်၊ ဘာစီလိုနာ၊ ချယ်လ်ဆီး အသင်းတို့နဲ့ ရာသီကြိုခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ဘတ်ပီကတော့ ဒီခရီးစဉ်ကိုပါ အသင်းသစ်နဲ့အတူ လိုက်ပါနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: ESPN