CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇

လူမျိုးရေးခွဲခြားတဲ့ ပြောဆိုမှုတွေ ပါဝင်တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ပြောထားတဲ့ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ဆိုရှယ်မီဒီယာပေါ်က video ကို ချယ်လ်ဆီးအသင်းက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေ ပါတယ်။

အာဂျင်တီးနား ကစားသမားအချို့က ပြင်သစ် ကစားသမားတွေရဲ့ အကြောင်းကို သီဆိုထားတဲ့ video နဲ့ ပတ်သက် ပြီး ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တိုင်ကြားမယ်လို့ ဇူလိုင် ၁၆ ရက်က ပြော ထားတာပါ။

အာဂျင်တီးနားအသင်းဟာ ကိုလံဘီယာအသင်းကို အနိုင်ရပြီး ကိုပါအမေရိကဖလား ချန်ပီယံဆုကို စံချိန်တင် ၁၆ ကြိမ်မြောက် ရရှိပြီးနောက် မကြာခင်မှာ အန်ဇိုဖာနန်ဒက်ဇ်နဲ့ သူ့ရဲ့အသင်းဖော်တို့ဟာ ပြင်သစ်အသင်းကို လူမျိုး ရေးခွဲခြားတဲ့ သီချင်းသီဆိုနေတဲ့ video ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီသီဆိုမှုထဲမှာ “သူတို့ဟာ ပြင်သစ်အတွက် ကစားနေကြပေမယ့် မိဘတွေက အန်ဂိုလာကပါ။ သူတို့အမေက ကင်မရွန်းဖြစ်ပြီး အဖေကတော့ နိုင်ဂျီးရီးယားကပါ။ ဒါပေ မယ့် သူတို့ရဲ့ ပတ်စပို့မှာ ပြင်သစ်လို့ ပြောထား ပါတယ်”လို့ ပါဝင်ခဲ့တာပါ။ 

အန်ဇိုဖာနန်ဒက်ဇ်ကို တွေ့ရစဉ်

ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်ကစားသမားတွေဟာ ဒီလိုပြောဆိုမှုကို ဒေါသထွက်နေပြီး အန်ဇိုဖာနန်ဒက်ဇ်ကို ဆိုရှယ်မီဒီယာပေါ်မှာ unfollow ပြုလုပ်ခဲ့ကြပါတယ်။ 

အန်ဇိုဖာနန်ဒက်ဇ်ကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ပြန်လည် တောင်းပန်ခဲ့တာပါ။

အန်ဇိုဖာနန်ဒက်ဇ်က “အောင်ပွဲခံ အခမ်းအနား ကျင်းပချိန်အတွင်း ကျနော့်ရဲ့ အင်စတာဂရမ်ချန်နယ်မှာ တင်ခဲ့တဲ့ video အတွက် အလေးအနက် တောင်းပန်ချင်ပါတယ်။ ဒီသီချင်းထဲမှာ ရိုင်းပြတဲ့ စာသားတွေပါဝင်ခဲ့ပြီး ဒီစကား လုံးတွေအတွက် ဆင်ခြေမရှိပါဘူး။ ကျနော်ဟာ ခွဲခြားမှုတွေကို ဆန့်ကျင်တဲ့သူဖြစ်ပြီး ဒီဖြစ်ရပ်
အတွက် တောင်းပန်ပါတယ်”လို့ ရေးသားခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အလေးအနက်ထား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ကြောင့် အန်ဇိုဖာနန်ဒက်ဇ် အနေနဲ့ အရေးယူခံရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Source: BBC