CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၇

အာဂျင်တီးနားအသင်း ခေါင်းဆောင် မက်ဆီဟာ ကိုပါအမေရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အင်တာမိုင်ယာမီအသင်းရဲ့ ပွဲစဉ် ၂ ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအသင်းက ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ပွဲချိန်ပြည့် မကစားနိုင်ခဲ့ဘဲ ငိုကြွေးပြီး ကွင်းထဲက ထွက်ခွာခဲ့ရတာပါ။ 

မက်ဆီရဲ့ ဒဏ်ရာ အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ညာဘက်ခြေချင်းဝတ် အရွတ်ဒဏ်ရာ ရရှိခဲ့တယ် လို့ အင်တာမိုင်ယာမီအသင်းက ဖော်ပြခဲ့ပါတယ်။ 

အဲဒါကြောင့် မက်ဆီဟာ အင်တာမိုင်ယာမီအသင်းရဲ့ လာမယ့် မေဂျာလိဂ်ပွဲစဉ် ၂ ပွဲကို လွဲချော်တော့မှာပါ။ 

မက်ဆီအနေနဲ့ ဒဏ်ရာ အခြေအနေ မသက်သာရင် ဇူလိုင် ၂၄ ရက်မှာ ကျင်းပမယ့် မေဂျာလိဂ် အောလ်စတား ပွဲစဉ်ကိုလည်း ပါဝင်နိုင်ဖွယ်မရှိပါဘူး။ 

မက်ဆီကတော့ ဒဏ်ရာ အခြေအနေကနေ အမြန်ဆုံး ပြန်လာမယ်လို့ ကတိပြုထားပေမယ့် ဘယ်အချိန် ပြန်လာ နိုင်မလဲဆိုတာ ပြောဆိုခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

 မက်ဆီကိုတွေ့ရစဉ်

အင်တာမိုင်ယာမီအသင်းဟာ လာမယ့်ပွဲစဉ် ၂ ပွဲအဖြစ် တိုရွန်တို၊ ချီကာဂိုအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် အရှေ့ပိုင်းဇုန်မှာ အမှတ်ပေးဇယားအဆင့် ၂ နေရာ ရပ်တည်နေပြီး အဆင့် ၁ နေရာက စင်စင်နာတီအသင်းနဲ့ ၁ မှတ်ကွာဟနေတာ ဖြစ်ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ မက်ဆီနဲ့ ဆွာရက်ဇ်တို့ ကိုပါအမေရိကဖလားပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်နေချိန်မှာ ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်ထားပြီး နောက်ဆုံးပွဲစဉ်မှာသာ စင်စင်နာတီအသင်းကို ဂိုးပြတ် အရေးနိမ့် ခဲ့တာပါ။ 

အင်တာမိုင်ယာမီအသင်းဟာ ဇူလိုင် ၂၇ ရက်မှာ လိဂ်ဖလား ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် အုပ်စုပွဲစဉ်အဖြစ် မက္ကဆီကိုကလပ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: Goal