CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၅

ရီးရယ်လ်အသင်းဟာ အတ္တလန်တာအသင်းနဲ့ ကစားခဲ့တဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရပြီး ဆုဖလားကို စံချိန်တင် ၆ ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။ 

ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် ဂိုးတွေကို ဗယ်လ်ဗာဒီနဲ့ ကစားသမားသစ် ဘတ်ပီတို့က သွင်းယူခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် ဥရောပစူပါဖလား ပြိုင်ပွဲသမိုင်းမှာ အောင်မြင်မှု အများဆုံး ရယူနိုင်တဲ့ အသင်းအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ ရီးရယ်လ်အသင်း ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ ဘတ်ပီဟာ ပွဲဦးထွက်မှာတင် အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပြီး ဆုဖလားကိုပါ ကိုင်မြှောက်နိုင်ခဲ့တာပါ။

ဘတ်ပီက “အလွန်ကောင်းမွန်တဲ့ညပါ။ ဒီအင်္ကျီ၊ ဒီတံဆိပ်နဲ့ ပရိသတ်တွေအတွက် ကစားပေးဖို့ ဒီလို အခိုက်အတန့် မျိုးကို ကျနော် စောင့်ဆိုင်းနေတာ ကြာပါပြီ။ ဒါက ကျနော့်အတွက် ကောင်းမွန်တဲ့ အခိုက်အတန့်ပါပဲ။ ဆုဖလား ရယူနိုင်ဖို့က အလွန်အရေးကြီးပြီး ရီးရယ်လ်က အမြဲတမ်း အနိုင်ရမယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ ပထမဆုံး ပွဲမှာ အဆုံးအဖြတ် ဂိုးသွင်းယူနိုင်ခဲ့လို့ ကျနော်ပျော်ရွှင်ပါတယ်”လို့ ပြောခဲ့တာပါ။ 

 ဘတ်ပီကို တွေ့ရစဉ်

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ အတ္တလန်တာအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မှာ ဘတ်ပီ၊ ဗီနီစီးယက်စ်၊ ရိုဒရီဂိုနဲ့ ဘယ်လင်ဂမ်တို့ကို တိုက်စစ်ပိုင်းမှာ တွဲဖက်အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ်။ 

ဒီပွဲမှာ ဘတ်ပီရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့တဲ့ ဘယ်လင်ဂမ်ဟာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ 

ဘယ်လင်ဂမ်ဟာ ပွဲအပြီး မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဘတ်ပီဟာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့တာပါ။ 

ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီက အတ္တလန်တာအသင်းရဲ့ ကစားပုံကြောင့် ပထမပိုင်းမှာ သူတို့ အတွက် အခက်အခဲ ဖြစ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ရှေ့တန်းက နေရာလွတ်တွေ ရှာဖွေနိုင်ခဲ့တာကြောင့် နိုင်ပွဲ ရယူနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ရီးရယ်လ်အသင်းဟာ သြဂုတ် ၁၉ ရက်မှာ စပိန်လာလီဂါ ရာသီသစ်ပွဲစဉ်အဖြစ် မာယော့ကာအသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN