CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈
PSG အသင်းက ဖလာမင်ဂိုအသင်းကို အနိုင်ရပြီး Intercontinental ဖလားရရှိခဲ့တဲ့ ဗိုလ်လုပွဲမှာ ဂိုးသမား ဆာဗိုနော့ဗ်ဟာ ပယ်နယ်တီ အဆုံးအဖြတ်မှာ ဖလာမင်ဂိုအသင်းရဲ့ ပယ်နယ်တီ ၄ လုံး ဆက်တိုက် ကာကွယ်ပြီး PSG အသင်းကို ချန်ပီယံဖြစ်စေခဲ့ပါတယ်။
ပွဲချိန်အတွင်းမှာ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့တဲ့ အတွက် ပယ်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။
ပယ်နယ်တီမှာ ဂိုးသမားဆာဗိုနော့ဗ်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် PSG အသင်းဟာ ဖလာမင်ဂိုအသင်း ကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရပြီး Intercontinental ဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။
Intercontinental ဖလားကို ရယူနိုင်ခဲ့တဲ့ PSG အသင်းဟာ ၂၀၂၅ ခုနှစ်ထဲမှာ ဆုဖလား ၆ ခုအထိ ပိုင်ဆိုင် နိုင်ခဲ့တာပါ။

Intercontinental ဖလား ပီအက်စ်ဂျီရရှိသွားစဉ်
ဖလာမင်ဂိုအသင်းဟာ မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ကိုပါလီဘာတေးဒိုးစ်နဲ့ ဘရာဇီးလ် ချန်ပီယံရှစ် ဖလားတွေကို ရယူနိုင်ခဲ့ပေမယ့် Intercontinental ဖလားကို လက်လွှတ်ခဲ့ရပါတယ်။
ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို PSG အသင်း ကွင်းလယ်လူ ဗီတင်ညာက ရရှိခဲ့တာပါ။
ဗီတင်ညာက ဖလာမင်ဂိုအသင်းဟာ အလွန်ကောင်းမွန်တဲ့ အသင်းဖြစ်ပြီး သူတို့ကို အခက်တွေ့စေခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဗီတင်ညာက သူတို့ဟာ ပွဲကိုစောစီးစွာ အနိုင်ရချင်ခဲ့ပေမယ့် ပယ်နယ်တီ အဆုံးအဖြတ်နဲ့ပဲ အနိုင်ရခဲ့တယ် လို့ ပြောခဲ့ပါတယ်။
ဖလာမင်ဂိုအသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟိုက သူတို့အတွက် အံ့သြစရာကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ဒီလိုမျိုး အဆုံးသတ်ရတာကို မလိုချင်တဲ့အတွက် အကောင်းဆုံး လုပ်နိုင်ခဲ့တာကလွဲပြီး အခြားပြောစရာစကားလုံး မရှိဘူး လို့ ပြောခဲ့တာပါ။
PSG အသင်းဟာ ၂၀၂၅ ခုနှစ်ထဲမှာ လီဂူး-၁၊ ပြင်သစ်ဖလား၊ ပြင်သစ်စူပါဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ Intercontinental ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့ ပါတယ်။
Source: CNA
