CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇

ပြင်သစ်တရားရုံးက PSG အသင်းအနေနဲ့ တိုက်စစ်မှူးဟောင်း ဘတ်ပီကို မပေးရသေးတဲ့ လုပ်ခလစာနဲ့ အပို ဆုကြေးတွေအဖြစ် ယူရိုသန်း ၆၀ ပေးချေဖို့ အမိန့်ချခဲ့ပါတယ်။ 

PSG နဲ့ ဘတ်ပီတို့ အကြားမှာ ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ အငြင်းပွားမှုဟာ နိုဝင်ဘာလမှာ ပါရီအလုပ်သမား တရားရုံးထံ ရောက်ရှိလာပြီးနောက် ဘတ်ပီဟာ သူ့ရဲ့ အသင်းဟောင်းထံကနေ ယူရို ၂၆၃ သန်းတောင်းဆိုခဲ့ ပါတယ်။ 

ဥရောပချန်ပီယံ PSG အသင်းဟာ ဘတ်ပီထံကနေ ယူရိုသန်း ၂၄၀ ရရှိဖို့ ပြန်လည် တရားစွဲဆိုခဲ့တာပါ။ 

ဘတ်ပီကလည်း စာချုပ် အငြင်းပွားမှု၊ ကလပ်ရဲ့ ဆိုးရွားတဲ့ ဆက်ဆံမှုတွေအတွက် တုန့်ပြန်တဲ့အနေနဲ့ လျော်ကြေးငွေ အများအပြား တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တရားရုံးမှာ ဘတ်ပီဟာ တောင်းဆိုထားတဲ့ ပမာဏရဲ့ ၅ ပုံ ၁ ပုံကျော်သာ ရရှိဖို့ အမိန့်ချခံခဲ့ရပါတယ်။ 

တရားရုံးက PSG အသင်းဟာ ဘတ်ပီကို ၂၀၂၄ ခုနှစ်၊ ဧပြီလကနေ ဇွန်လအတွင်း သူ့ရဲ့ လုပ်ခလစာ ၃ လစာ၊ အပိုဆုကြေးနဲ့ စာချုပ်ပေါ်မှာ လက်မှတ်ထိုးကြေးတွေအတွက် မပေးချေရသေးဘူးလို့ ပြောခဲ့ပါတယ်။ 

ဘတ်ပီကို တွေ့ရစဉ် 

တရားရုံးက ပေးချေဖို့ အမိန့်ချခဲ့တဲ့ ယူရိုသန်း ၆၀ ဟာ ဘတ်ပီ ရရှိမယ့် လစာတွေထက် အပိုဆုကြေးတွေ ဖြစ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

ဘတ်ပီရဲ့ ရှေ့နေဖြစ်သူကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ်တယ်လို့ ပြောခဲ့ပြီး PSG အသင်းဟာ တရားရုံးရဲ့ အမိန့်ချမှုကို အယူခံဝင်သွားဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။ 

ဘတ်ပီဟာ ၂၀၂၄ ရာသီအစမှာ PSG အသင်းရဲ့ စာချုပ်သက်တမ်းတိုး ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သလို ဆော်ဒီ ပရိုလိဂ်ထံ အပြောင်းအရွှေ့ကိုလည်း ပယ်ချခဲ့တာကြောင့် အသင်းနဲ့ တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ 

ဘတ်ပီဟာ PSG အသင်းမှာ ၂၀၁၇ ကနေ ၂၀၂၄ ခုနှစ်အထိ ကစားခဲ့ပြီး ပွဲပေါင်း ၃၀၈ ပွဲ ကစားခဲ့တာမှာ ၂၅၆ ဂိုး သွင်းပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

PSG အသင်းနဲ့ ဆုဖလား ၁၅ ခုရရှိခဲ့တဲ့ ဘတ်ပီဟာ နောက်ဆုံးရာသီမှာ ၄၈ ပွဲ ကစားခဲ့ပြီး ၄၄ ဂိုးသွင်းယူခဲ့ပါတယ်။

Source: BBC