CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ဝါရင့်တိုက်စစ်မှူး အူဘာမီယန်းဟာ ဒဏ်ရာကြောင့် လာမယ့်အပတ်မှာ ယှဉ်ပြိုင်မယ့် ဂါဘွန်အသင်းရဲ့ ၂၀၂၅ အာဖရိကဖလား အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပေမယ့် အုပ်စုနောက်ဆုံး ၂ ပွဲကို ပါဝင်နိုင်ဖို့ မျှော်လင့်နေ ပါတယ်။
ဂါဘွန်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ အူဘာမီယန်းဟာ မာဆေးလ်အသင်းက မိုနာကိုအသင်း ကို အနိုင်ရခဲ့တဲ့ ပြင်သစ် လီဂူး-၁ ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာပါ။
ဂါဘွန်ဘောလုံးအဖွဲ့ချုပ်က အူဘာမီယန်းဟာ နိုင်ငံအသင်း လူစာရင်းထဲ မပူးပေါင်းမီ ကုသမှုခံယူဖို့ ပြင်သစ်မှာ ဆက်ပြီး ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
ဂါဘွန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မာဆေးလ်အသင်း ဆေးအဖွဲ့ဝင်တွေဟာ နိုင်ငံအသင်း ဆေးအဖွဲ့ ဝင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးနောက် မာဆေးလ်မှာ ကုသမှုခံယူဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အူဘာမီယန်းကို တွေ့ရစဉ်
အဲ့ဒါကြောင့် အူဘာမီယန်းဟာ ဂါဘွန်အသင်းရဲ့ အာဖရိကဖလားအုပ်စု အဖွင့်ပွဲစဉ်ဖြစ်တဲ့ ကင်မရွန်းအသင်းနဲ့ ပွဲကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။
ဂါဘွန်အသင်းဟာ မော်ရိုကိုနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၅ အာဖရိကဖလား ပြိုင်ပွဲရဲ့ အုပ်စု F မှာ အိုင်ဗရီကို့စ်၊ ကင်မရွန်း၊ မိုဇမ်ဘစ်အသင်းတို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။
ဂါဘွန်အသင်းဟာ ဒီဇင်ဘာ ၂၄ ရက်မှာ ကင်မရွန်း၊ ၂၈ ရက်မှာ မိုဇမ်ဘစ်၊ ၃၁ ရက်မှာ လက်ရှိချန်ပီယံ အိုင်ဗရီကို့စ် အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဂါဘွန်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲကို ၉ ကြိမ်မြောက်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး ၁၉၉၆ နဲ့ ၂၀၁၂ ပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ် တက်နိုင်ခဲ့တာက သူတို့ရဲ့ အမြင့်ဆုံးအောင်မြင်မှု ဖြစ်ခဲ့ပါတယ်။
၂၀၂၅ အာဖရိကဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: CNA
