CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀
အင်္ဂလန်အသင်းက ဝေးလ်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ဝင်ဘလေကွင်းထဲ အင်္ဂလန် ပရိသတ်တွေရဲ့ အားပေးသံ တိတ်ဆိတ်နေမှုကို နည်းပြတူချယ်လ်က ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
တူချယ်လ်က “အားကစားကွင်းက အသံတိတ်ဆိတ်နေပြီး ကျနော်တို့ဟာ ပရိသတ်တွေဆီကနေ အားအင်တွေ ပြန်မရခဲ့ပါဘူး။ ဝေးလ်စ်ပရိသတ်တွေရဲ့ အားပေးမှုတွေကို ကြားနေရတာဟာ ဝမ်းနည်းဖို့ကောင်းပြီး အသင်းဟာ ကြီးမားတဲ့ပံ့ပိုးမှုနဲ့ ထိုက်တန်ပါတယ်။ ဆားဘီးယားနဲ့ပွဲက အားပေးပံ့ပိုးမှုတွေက လုံးဝကောင်းမွန်ခဲ့ပါတယ်။ ကျနော်ဟာ အင်္ဂလိပ်ဘောလုံး ပရိသတ်တွေကို ချစ်ပေမယ့် ဒီပွဲမှာအားပေးမှုတွေက ကွင်းအတွင်းက စွမ်းဆောင် ရည်တွေနဲ့ မကိုက်ညီပါဘူး”လို့ ITV Sport နဲ့ ပွဲအပြီးအင်တာဗျူးမှာ ပြောခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဒီပွဲစဉ်ရဲ့ ပွဲချိန်မိနစ် ၂၀ အတွင်းမှာ ဝက်ကင်စ်၊ ရော်ဂျာစ်၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ ဝေးလ်စ်အသင်းကို အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ဝေးလ်စ်အသင်းကို အနိုင်ရခဲ့ပေမယ့် နည်းပြ တူချယ်လ်ဟာ အိမ်ကွင်းပရိသတ် ၇၀,၀၀၀ ကျော်ရဲ့ အားပေးမှုတွေကို စိတ်ပျက်နေခဲ့တာပါ။
ဝေးလ်နဲ့ အင်္ဂလန်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီပွဲမှာ ဝေးလ်စ်အသင်း ပရိသတ် ၇၀၀၀ ကျော်ဟာ ဝင်ဘလေကွင်းထဲမှာ ရှိတဲ့အိမ်ရှင် ပရိသတ်တွေထက် ဆူညံသံတွေ ပိုပြီးဖန်တီးနိုင်ခဲ့တာကြောင့် နည်းပြတူချယ်လ်က အင်္ဂလန်ပရိသတ်တွေကို ဝေဖန်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
နည်းပြတူချယ်လ်က လာမယ့် လတ်ဗီးယားအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အင်္ဂလန်ပရိသတ်တွေရဲ့ ထိပ်တန်းအားပေးမှုကို ရရှိနိုင်ဖို့ မျှော်လင့်နေပါတယ်။
အင်္ဂလန်အသင်းဟာ နည်းပြ တူချယ်လ် လက်ထက်မှာ ၇ ပွဲ ကစားထားပြီး ၆ ပွဲအနိုင်ရရှိကာ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲတည်းသာ အရေးနိမ့်ထားတာပါ။
အင်္ဂလန်အသင်းဟာ အနိုင်ရခဲ့တဲ့ ၆ ပွဲစလုံး ပေးဂိုးမပေးရဘဲ နိုင်ပွဲရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုပွဲစဉ် ၅ ပွဲစလုံး ရာနှုန်းပြည့် နိုင်ပွဲရရှိထားပြီး လာမယ့် လတ်ဗီးယားအသင်းနဲ့ပွဲစဉ်ကို အနိုင်ရရင် ခြေစစ်ပွဲအောင်မြင်ဖို့ နီးစပ်သွားပြီ ဖြစ်ပါတယ်။
Source: Dailymail