CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၉
စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းဟာ နည်းပြဟောင်း စတီဗင်ဂျရတ်ကို နည်းပြသစ်အဖြစ် ပြန်လည် ခန့်အပ်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်ထားပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိ စတီဗင်ဂျရတ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဆော်ဒီကလပ် အယ်လ်အက်တီဖတ်အသင်းကနေ ထွက်ခွာပြီးကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာပါ။
ဒါပေမယ့် စတီဗင်ဂျရတ်ဟာ သူ့ရဲ့နည်းပြဘဝ စတင်ခဲ့တဲ့ ရိန်းဂျားစ်အသင်းထံ ပြန်လာပြီး နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။
စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကို ၂၀၂၀-၂၁ ရာသီလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိ ချန်ပီယံဖြစ်အောင် ကိုင်တွယ်ပြီး အဓိကပြိုင်ဘက် ဆဲလ်တစ်အသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်း ဂန္ထဝင်ဟာ ရိန်းဂျားစ်အသင်းကို ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

စတီဗင်ဂျာရတ်ကို တွေ့ရစဉ်
ဒီနောက်ပိုင်းမှာ စတီဗင်ဂျရတ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အက်တီဖတ်အသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ရလဒ်ကောင်းတွေ ရရှိအောင် မလုပ်ဆောင်ပေးနိုင်ခဲ့ပါဘူး။
Sky Sports News က ရိန်းဂျားစ်အသင်းရဲ့ အမေရိကန် ပိုင်ရှင်တွေဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြဟောင်း ရပ်ဆဲလ်မာတင်ရဲ့ နေရာမှာ စတီဗင်ဂျရတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လျာထားတယ်လို့ ဖော်ပြထားပါတယ်။
နည်းပြမာတင်ရဲ့ လက်ထက်မှာ ရိန်းဂျားစ်အသင်းဟာ စကော့တလန်လိဂ် ရာသီအစ ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၅ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
ဒါအပြင် ရိန်းဂျားစ်အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာလည်း ၂ ပွဲစလုံး အရေးနိမ့်ထားပါတယ်။
ရိန်းဂျားစ်အသင်းနဲ့ စတီဗင်ဂျရတ်တို့ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ဆွေးနွေးသွားဖို့ရှိနေပြီး စကော့တလန် ကလပ်ဟာ အခြားနည်းပြ အချို့ကိုလည်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
ရိန်းဂျားစ်အသင်းဟာ အောက်တိုဘာ နိုင်ငံတကာ ပွဲစဉ်တွေအပြီးမှာ လိဂ်ပွဲစဉ်အဖြစ် ဒန်ဒီးယူနိုက်တက်၊ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဘရန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Dailymail
 
	    	  	
	    	       
	    
	  	   
			 
			 
                        
