CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၆

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ဂလက်စကို အခြေစိုက်အသင်း ငယ်လေးတစ်သင်းကို ခရီးစရိတ် ကူညီပေးခဲ့တာကြောင့် သူတို့ဟာ အရေးပါတဲ့ စကော့တလန်ဖလား ပွဲစဉ်မတိုင်မီ အဆင်ပြေမှု ရရှိသွားခဲ့ပါတယ်။ 

ဂိုဗန်အခြေစိုက် အငယ်တန်းကလပ် Benburb FC အသင်းဟာ အောက်တိုဘာ ၂၅ ရက်မှာ Wick အကယ်ဒမီ အသင်းနဲ့ ကစားဖို့ မိုင် ၆၀၀ အသွားအပြန် ပြုလုပ်ရမှာဖြစ်ပါတယ်။ 

ဖခင်ဖြစ်သူနဲ့အတူ Benburb အသင်းကို ကြည့်ပြီး ကြီးပြင်းလာခဲ့တဲ့ ယူနိုက်တက်အသင်း နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ ကလပ်ရဲ့လာမယ့် ခရီးစဉ်ကို သိရှိတဲ့အချိန်မှာ အသင်းအတွက် တစ်ညတာ တည်းခိုခကို ပေးဖို့ ပြုလုပ်လာခဲ့တာပါ။ 

ကလပ်ရဲ့ ပူးတွဲမန်နေဂျာ ဂေါ်ဒွန်ရော်ဘတ်ဆန်က ဒီအကူအညီဟာ ဆာအဲလက်စ် ထံကနေ အံ့သြဖွယ်ကောင်းတဲ့ အမူအရာဖြစ်တယ်လို့ BBC Scotland ကို ပြောခဲ့ပါတယ်။ 

ဆာအဲလက်စ်ဖာဂူဆန်ဟာ မကြာသေးမီက ကလပ်ထံ လာရောက် လည်ပတ်ခဲ့ပြီး ဒီအသင်းအပေါ် သူ့ရဲ့ချစ်ခင်မှု ကို မကြာခဏ ပြောခဲ့တာပါ။ 

စကော့တလန်အသင်း ယှဉ်ပြိုင်နေစဉ်

ဂေါ်ဒွန်ရော်ဘတ်ဆန်က ဆာအဲလက်စ်ဟာ စကော့တလန်ဖလား ဒုတိယအဆင့် ပွဲစဉ်ကစားဖို့ ကလပ်သွားရောက် ရမယ့် ရှည်လျားတဲ့ ခရီးစဉ်ကို သိရှိတဲ့အချိန်မှာ ထိတ်လန့်သွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

ဂေါ်ဒွန်ရော်ဘတ်ဆန်က “၆ နာရီကြာ ခရီးစဉ်ဖြစ်ပြီး ကစားသမားတွေ တစ်ညတာတည်းခိုဖို့ဟာ ကလပ်အတွက် ကြီးမားတဲ့ စရိတ်စက ဖြစ်ပါလိမ့်မယ်။ ဆာအဲလက်စ်က ကစားသမားတွေနဲ့ အသင်းအဖွဲ့ဝင်တွေ တစ်ညတာ တည်းခိုဖို့အတွက် သူပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ ကျနော်တို့ ဒါကို အလွန်တန်ဖိုးထားပြီး ကစားသမား တွေက ပီတိဖြစ်ကာ ပျော်ရွှင်နေတယ်”လို့ ပြောခဲ့ပါတယ်။ 

Benburb FC အသင်းအနေနဲ့ စကော့တလန်ဖလားပြိုင်ပွဲမှာ စတုတ္ထအဆင့်ကို ရောက်ရှိနိုင်ခဲ့ရင် စကော့တလန် ထိပ်သီးတွေဖြစ်တဲ့ ဆဲလ်တစ်၊ ရိန်းဂျားစ်အသင်းတို့နဲ့ ထိပ်တိုက် တွေ့ဆုံနိုင်မယ့် အခွင့်အရေးရရှိလာမှာ ဖြစ်ပါတယ်။  

Source: BBC